Thursday, May 28, 2015

၁၉၉၀ ရွေးကောက်ပွဲ ငွေရတု အခမ်းအနား ကျင်းပ


၁၉၉၀ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ငွေရတု အခမ်းအနားကို ရန်ကုန်မြို့၊ ယုဒသန်ရိပ်သာ ခန်းမတွင် ယနေ့ နေ့လည်ပိုင်းက ကျင်းပခဲ့သည်။ ၁၉၉၀ ရွေးကောက်ပွဲအပြီး ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေပါ ပြဌာန်းချက်အတိုင်း ဆောင်ရွက်ပေးခဲ့ခြင်း မရှိသည့် တာဝန်ရှိခဲ့သူ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အဖွဲ့ဝင်များကို ၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့က တရားလိုပြုလုပ်ပြီး တရားစွဲဆိုသွားမည်ဟု ထုတ်ပြန်ကြေညာသည်။

“ဒီဟာက လိမ်လည်မှု၊ ကတိဖျက်မှုပဲ။ အဲဒီအဖြစ်တွေနဲ့ တရားစွဲမယ်။ အစိုးရဘက်က နောက်ကြောင်းပြန် အရေးမယူရဘူးလို့ ပြောထားတယ်။ ဒါပေမယ့် မဟုတ်တဲ့ အလုပ်၊ မကောင်းတဲ့အလုပ်၊ မမှန်တဲ့ အလုပ်တွေကိုတော့ တရားဥပဒေမဲ့တဲ့ အလုပ်ကို မလုပ်ရဘူးလို့ ယူဆရမယ်။ အဲဒီတော့ ကျနော်တို့ တရားရုံးတွေကို အဆင့်ဆင့်တင်မယ်။ တရားရုံးတွေက ပယ်ချလည်း တရားရုံး တင်တိုင်း၊ တင်တိုင်းတော့ ၁၉၉၀ ရွေးကောက်ပွဲ ကိုယ်စားလှယ်တွေကို မမှန်မကန်လုပ်ထားတဲ့ အခြေအနေတော့ ကျန်ခဲ့လိမ့်မယ်” ဟု ဧရာဝတီတိုင်း၊ ဟသာင်္တမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်ခဲ့သူ ၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ဝင် ဒေါက်တာ ဇော်မြင့်က ဆိုသည်။

၁၉၉၀ ရွေးကောက်ပွဲကို ၁၉၉၀ ခုနှစ် မေလ ၂၇ ရက်နေ့တွင် ကျင်းပခဲ့ပြီး ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၄၈၅ နေရာ၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနှင့် ၃၉၂ ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ ၂၃ ဦး၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်မှ ၁၂ ဦး၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး ပါတီမှ ၁၀ ဦး အသီးသီး အနိုင်ရရှိခဲ့သည်။ သို့သော် အစိုးရဘက်မှ လွှတ်တော်ခေါ်ယူပေးခြင်း မရှိပေ။

ငွေရတု အခမ်းအနားသို့ ၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက တင်သွင်းသည့် အစီရင်ခံစာတွင် ဒီမိုကရေစီနဲ့ တိုင်းရင်းသား အင်အားစုများဘက်က ပြတ်ပြတ်သားသား ရပ်တည်မည်ဖြစ်ကြောင်း၊ ၁၉၉၀ လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့သည် ပါတီမထောင်၊ ရွေးကောက်ပွဲ မဝင်ဘဲ လူထုအကျိုးစီးပွားကို ဖော်ဆောင်သည့် လုပ်ငန်းကို ဆောက်ရွက်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့ကို ၂၀၁၄ ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး အမှုဆောင် ၁၅ ဦးနှင့် အဖွဲ့ဝင်ပေါင်း ၂၀၀ နီးပါး ရှိကြောင်း အဖွဲ့၏ အတွင်းရေးမှူး ဦးဒေးဗစ်လှမြင့်ထံမှ သိရသည်။

အဖွဲ့တွင် နာယကအဖြစ် ဦးစောနိုင်းနိုင်း၊ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ ဒုတိယ ဥက္ကဋ္ဌ (၁) ဒေါက်တာ မင်းစိုးလင်း၊ ဒုတိယ ဥက္ကဋ္ဌ (၂) ဦးပီတာလင်းပင်၊ အတွင်းရေမှူး ဦးဒေဗစ်လှမြင့် စသည့် အမှုဆောင် ၁၅ ဦး ပါဝင်ကြောင်း သိရသည်။

ဧရာဝတီ


No comments:

Post a Comment

My Blog List