Monday, May 25, 2015

မြန်မာနိုင်ငံမှ ကယ်ဆယ်ထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများက နေရပ် အမြန်ဆုံးပြန်လိုကြောင်း ပြောကြားထားပြီး ရက်ပိုင်းအတွင်း နေရပ်ပြန် ပို့မည်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ပြောကြား


မြန်မာနိုင်ငံအစိုးရမှ ကူညီကယ်ဆယ်ထားသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ သားများက မိမိတို့၏နေရပ်သို့ အမြန် ဆုံးပြန်လိုကြောင်း ပြောကြားထားပြီး ရက်ပိုင်းအတွင်း အမြန်ဆုံးနေရပ်ပြန်ပို့မည်ဟု ရခိုင်ပြည်နယ် ၀န်ကြီး ချုပ်က ပြောကြားသည်။
“အခု ကယ်ဆယ်ထားတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေကို ဒီမှာ Camp ဖွင့်ပြီး လုံးဝမထားပါဘူး။ ရန်ကုန် မှာလည်း နှစ်နိုင်ငံ သံအမတ်ချင်း စကားပြောနေပါတယ်။ အောက်ခြေအဆင့်မှာလည်း ညှိနှိုင်းမှုတွေလုပ်ပြီး မနက်ဖြန် သို့မဟုတ် သန်ဘက်ခါမှာ လွှဲပြောင်းပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးမှာပါ” ဟု ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းက မောင်တောမြို့ ဒေ၀ါနဒီခန်းမ၌ ဒေသခံများနှင့် တွေ့ဆုံရာတွင် ပြော ကြားခဲ့သည်။

အဆိုပါ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများအား အမြန်ဆုံး လွှဲပြောင်းနိုင်ရေးအတွက် နိုင်ငံခြားရေး ဒုဝန် ကြီးနှင့် ဘင်္ဂလားဒေ့ရှ်သံအမတ်တို့ ညှိနှိုင်းနေပြီး အောက်ခြေအဆင့် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်နှင့် မြန်မာ နယ်ခြားစောင့်ရဲတို့က ညှိနှိုင်းဆက်သွယ်မှုများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

မောင်တောမြို့သို့ ရောက်ရှိလာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၀၀ ဦးအား အစိုးရမှ ကာလကြာမြင့်စွာ ထိန်းသိမ်းထားမည်ကို ပြည်သူများက စိုးရိမ်နေသည်နှင့် ပတ်သက်၍ ပြည်နယ်ဝန်ကြီးချုပ်က “လူထုစိုးရိမ် တာက Camp တွေ ပွားလာမှာကို စိုးရိမ်တာဖြစ်ပါတယ်။ ၀န်ကြီးချုပ်တစ်ယောက်အနေနဲ့ ပြောပါမယ် လုံးဝ မထားပါဘူး။ ကယ်ဆယ်ရေးတွေလုပ်လို့ နောက်ထပ်လာတဲ့ဒုက္ခသည် ရှိရင်တော့ လက်ခံရမှာပေါ့။ လက် ခံပြီးရင် ပြန်ပို့ရမယ်။

ဒီမှာ Camp ထားဖို့ အစီအစဉ် လုံးဝမရှိဘူး။ စိစစ်ပြီး အမြန်ဆုံးပို့မယ်။ စိစစ်တာကြာရင် ဘင်္ဂလားဒေ့ရှ် နယ်စပ် သင့်တော်တဲ့ တစ်နေရာမှာ ပြောင်းရွှေ့ထားပြီးတော့ အမြန်ဆုံး လွှဲပြောင်းနိုင်အောင်လုပ်မယ် ။ ဒီရက်အတွင်းမှာလုပ်မယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကတော့ ဘာမှတရားဝင် ပြောလာတာ မရှိသေးဘူး” ဟု ပြောကြားသည်။

မောင်တောမြို့နယ်တောင်ပိုင်း အလယ်သံကျော်ကျေးရွာ အာရဗီကျောင်းတွင် ယာယီကယ်ဆယ် ထားသူ များအနက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမှ မူဟာမတ်မီလန်က “စက်လှေဝမ်းဗိုက်ထဲမှာ ကျွန်တော်တို့ကို ထည့်ထားတယ်။ ပန်ကာဖွင့်ထားတယ်။ နံနက်စောစောမှာ စားစရာ နည်းနည်းကျွေးတယ်။ ရေနည်းနည်း တိုက်တယ်။ သင်္ဘောပေါ်ရောက်ဖို့ တာကာငါးသောင်း ပေးခဲ့ရတယ်။ ဘယ်ကိုခေါ်သွားတယ် ဆိုတာလည်း မသိဘူး။ ဘယ်နိုင်ငံမှလည်း မရောက်ခဲ့ဘူး။ ဒီမှာ ရဲတွေက သင်္ဘောကို တွေ့တဲ့အခါမှာတော့ သင်္ဘော ကက် ပတိန်က မရှိတော့ဘူး။ ဒီမှာ အစိုးရက ကျွေးမွေးတာကို ကျေးဇူးတင်တယ်။ ၀မ်းသာတယ်။ ဒီအချိန် မှာ ပြောချင်တဲ့ စကားကတော့ ကျွန်တော့်အိမ်ရှိတဲ့ ဘင်္ဂလားဒေ့ရှ်ကိုပဲ ပြန်ချင်တယ်။ ဘင်္ဂလားဒေ့ရှ်ကို အမြန်ဆုံးပို့ပေးပါလို့ ပြောချင်တယ်” ဟု ပြောကြားသည်။

မောင်တောခရိုင် လ၀ကဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးစောနိုင်က “အခုလုပ်နေတာကတော့ အချက် အလက် မှန်ကန်ဖို့ပါပဲ။ ဓာတ်ပုံနဲ့ တစ်ဦးချင်းရဲ့ ကိုယ်ရေးအချက်အလက်ကို လုပ်ရပါတယ်။ ဒီကိုယ်ရေး အချက်အလက်တွေကို သံရုံးကိုအပ်ပါမယ်။ သံရုံးအချင်းချင်း ဆက်သွယ်ပြီးတော့ ဟိုဘက်နိုင်ငံကို ဆက်ပြီး လွှဲအပ်ဖို့ ရှိပါတယ်။ ဟိုဘက်က အမိန့်ကျပြီဆိုတာနဲ့ လွှဲအပ်တဲ့ အချိန်မှာလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက နယ်ခြားစောင့်တပ် အမှတ်(၄၂)တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အဘူဇာနဲ့ ဆက်သွယ်ပြီး လွှဲပြောင်းတာတွေ လုပ်သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment

My Blog List