Tuesday, May 26, 2015

မြန်မာမှ ကယ်ဆယ်ထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၀၀ ၏ ကိုယ်ရေးအချက်အလက်များ ဘင်္ဂလားဒေ့ရှ်သို့ ပေးပို့ထားသော်လည်း အချက်အလက် မပြည့်စုံဟုဆိုကာ ပြန်လည်ခေါ်ယူခြင်း မရှိသေး



မြန်မာမှ ကယ်ဆယ်ထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၀၀ အား ပြန် လည်ခေါ်ယူရန်အတွက် ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များအား ဘင်္ဂလားဒေ့ရှ်သို့ ပေးပို့ထားသော်လည်း အချက်အလက် မပြည့်စုံဟု ဆိုကာ ပြန်လည်ခေါ်ယူခြင်း မရှိသေးကြောင်း နှင့်ကယ်ဆယ်ထားသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂၀၀ အား ဘင်္ဂလားဒေ့ရှ်နှင့် အနီးဆုံး တောင်ပြိုမြို့ နယ်သို့ ပို့ဆောင်ထားပြီး အမြန်ဆုံး လွှဲပြောင်းနိုင်ရေး ဆောင် ရွက်လျက် ရှိကြောင်း နယ်ခြားစောင့်ရဲမှ သိရသည်။

“ဘင်္ဂလားဒေ့ရှ်ကို သူတို့နိုင်ငံသား ၂၀၀ ကိုပြန်လာယူဖို့ စာပို့ထားပြီးပြီ။ စာလည်းမပြတ်ပို့တယ်။ ဖုန်းနဲ့ ဆက်သွယ်ပြီးလည်း ပြောထားတယ်။ ဒီမှာအားလုံး စိစစ်ထားပြီးပြီ။ ယူဖို့လာပါဆိုပြီး အကြောင်းကြား ထားတာဖြစ်တယ်။ ကျွန်တော်တို့ပေးပို့လိုက်တဲ့ စာရင်းတွေမှာ နာမည်နဲ့ လိပ်စာဆိုပြီးပါတယ်။

သူတို့လိုချင်တာက နာမည်လိုချင်တယ်။ အဘနာမည်၊ အသက်၊ ပြီးရင် နေရပ်လိပ်စာမှာလည်း ဘယ်ကျေး ရွာ၊ ဘယ်စာတိုက်အပိုင်၊ ဘယ်စာတိုက်ပုံး၊ ဘယ်ရဲစခန်းဌာနပိုင်၊ ဘယ်မြို့နယ်ခွဲ၊ ခရိုင်ဆိုပြီး အတိအကျ ပါရမယ်ဆိုပြီး ပြောလာတယ်။ သူတို့လာဖို့ဆိုတာကလည်း သူတို့နိုင်ငံသားတွေကို ယူဖို့မဟုတ်သေးဘဲ သူတို့လူတွေနဲ့ လာတွေ့ပြီး စိစစ်မယ်။ သူတို့လူမှန်ရင် သက်ဆိုင်ရာ အာဏာပိုင်တွေက အမြန်ဆုံး လွှဲပြောင်း လက်ခံဖို့ စီစဉ်မယ် ဆိုတာသာပြောတယ်။ သူတို့ ကော့ဘဇားကွပ်ကဲရေးမှူး ဦးစီးတဲ့ ၁၁ ဦး အမာခံအဖွဲ့ လာဖို့ဆိုတာက လာပြီးစိစစ်မယ်” ဟု နယ်ခြားစောင့် ရဲအရာရှိတစ်ဦးက ဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ BD NEWS24.com တွင် မြန်မာနိုင်ငံက ကယ်တင် ထားသည့် ဘင်္ဂလားဒေ့ ရှ် ရွှေ့ပြောင်းသွားလာသူများအား ပြန် လည်ခေါ်ဆောင်ရန် မြန်မာနိုင်ငံသို့ စေလွှတ်မည့် အဖွဲ့ကို ဘီဂျီဘီက ရက်ရွှေ့ဆိုင်းလိုက်ကြောင်းနှင့် ရွှေ့ပြောင်းသွားလာသူများ၏ အသေးစိတ် အချက်အလက် များကို တောင်းဆိုထားကြောင်း ဘီဂျီဘီ ကော့ဘဇား နယ်မြေမှူး ဗိုလ်ကြီးခါလီကေးဇမာန်းကို ကိုးကားကာ ဖော်ပြထားသည်။

ဘီဂျီဘီအနေဖြင့် ၎င်းတို့ အချက်အလက်များအား စိစစ်ပြီးမှ စစ်မှန်သော ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများကို သာလျှင် ပြန်လည်ခေါ်ယူမည်ဖြစ်ကြောင်း မြန်မာနယ်ခြားစောင့်တပ်သို့ ပေးပို့သည့်စာတွင် ဖော်ပြထားရှိ ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာမှ ကူညီကယ်ဆယ် ကျွေးမွေးစောင့်ရှောက် ထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၀၀ အား ယာယီကယ်ဆယ်ထား သည့် မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော်ကျေးရွာမှ မြို့နယ်မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နှင့် ကုန်းလမ်းဖြင့် အလွယ်တကူ ဆက်သွယ်နိုင်မည့် တောင်ပြိုလက်ဝဲ သို့ မေ ၂၅ ရက်တွင် ပြောင်းရွှေ့ပေး ခဲ့ကြောင်း သိရသည်။

“ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၀၀ ဦးကို အသေးစိတ် အချက်အလက်တွေ ပြုစုထားတယ်။

ဒီကနေ့ တောင်ပြိုပို့မယ်။ တောင်ပြိုက နယ်စပ်မြို့ဖြစ်တဲ့အတွက် အလွယ်တကူကားနဲ့ သွားလို့ရတယ်” ဟု ခရိုင်လ၀ကမှ အရာရှိတစ်ဦး က ပြောကြားသည်။“နှစ်နိုင်ငံ ညှိနှိုင်းဆောင်ရွက်ပြီး ပို့ရမှာဖြစ်ပြီး လိုအပ်ရင် အာဆီယံ၊ ဘင်္ဂလားဒေ့ရှ်စတဲ့ ဒေသတွင်းနိုင်ငံတွေနှင့် ကုလသမဂ္ဂတို့ပါ ပူးပေါင်းဆောင် ရွက်သွားပါမယ်။ အခု ဒီလူတွေကို ကယ်တင်စောင့်ရှောက် ရတယ်ဆိုတာ လူသားချင်းစာနာမှုအနေနဲ့ ကူညီဆောင်ရွက် ပေး တာသာဖြစ်တယ်။ ရခိုင်ပြည်နယ်ထဲမှာ သူတို့အတွက် စခန်းဖွင့်ပြီး လက်ခံသွားဖို့ လုံးဝမရှိတဲ့အကြောင်း ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အနေနဲ့ ရခိုင်ပြည်သူတွေကို ရဲရဲတင်းတင်း ကတိပေးပါတယ်။ ဒီကိစ္စကို မစ္စတာဗီဂျေနမ်ဗီးယားနဲ့လည်း စကားပြောပြီးပြီ။ ရခိုင်ပြည်နယ်ဆိုတာ ဒုက္ခသည်များ စုဝေးရာနေရာ မဟုတ်ဘူး။ လိုအပ်တဲ့ စစ်ကြောမှုတွေ ပြုလုပ်ပြီးတာနဲ့ ပြန်ပို့နိုင်အောင် အလေးထားဆောင်ရွက် ပါမယ် ။ နှစ်ဖက်စကားပြောတဲ့ အချိန်အတိုင်းအတာ တစ်ခုလိုပါမယ်။ ဒါကို နမ်ဗီးယား တို့နဲ့လည်း ပြောထား တယ်” ဟု ရခိုင်ပြည်နယ် ၀န်ကြီးချုပ်က ဆိုသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂၀၀ အား အလယ်သံကျော် အာရဗီကျောင်းမှ နယ်စပ်တောင်ပြိုလက်ဝဲမြို့သို့ မေ ၂၅ ရက်က ပြောင်းရွှေ့ပေးခဲ့ပြီး မွန်းလွဲ ၂နာရီအချိန်တွင် မော်တော်ကားများဖြင့် တောင်ပြိုမြို့သို့ ရောက် ရှိကာ နယ်ခြားစောင့်ရဲ နယ်မြေစခန်းတွင် ယာယီကယ်ဆယ်ထားသည်။

Eleven Media Group

No comments:

Post a Comment

My Blog List