Friday, May 29, 2015

NCCT နှင့် UPWC တို့ နိုင်ငံရေးမူဘောင် ဆွေးနွေး


ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်း ဖော်ဆောင်ရေး ကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရေးနှင့် နိုင်ငံရေး ဆွေးနွေးမှု မူဘောင်နှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်ဟု နှစ်ဖက်ခေါင်းဆောင်များကပြောသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမူကြမ်း (NCA) အပေါ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတို့ လော်ခီးလာ ထိပ်သီးအစည်းအဝေး ကျင်းပမည်ဖြစ်၍ မူကြမ်းအပေါ် ပြင်ဆင်မှုများ ရှိမရှိ လာရောက် ညှိနှိုင်းဆွေးနွေးခြင်းနှင့် နိုင်ငံရေးပွဲ မူဘောင် ရေးဆွဲရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်ဟု ဝန်ကြီး ဦးအောင်မင်းက သတင်းထောက်များကို ပြောသည်။

“NCA ကို လက်မှတ်ထိုး ပြီးလို့ ရှိရင် အဖွဲ့နှစ်ဖွဲ့ ဖွဲ့မယ်။ အခု ဒီမှာ Frame Workနဲ့ ပတ်သက်ပြီးတော့ နိုင်ငံရေးပါတီတွေက ပိုပြီးတော့ တက်ကြွနေတယ်။ သူတို့ဘက်က ဆွဲနေကြပါပြီ။ အဲတော့ ကျွန်တော်တို့ဘက်ကလည်း ဒါကိုတော့ ကြိုပြီးတော့ လုပ်သင့်တယ်။ ကျွန်တော်တို့တော့ မပါဘူး။ လုပ်ငန်းအဖွဲ့ ကြိုပြီးတော့ ဆွေးနွေးကြရမယ်။ ဒီကိစ္စကို လော်ခီးလာမှာ သူတို့ ကြိုလုပ်ချင်တဲ့ အကြောင်းကို သူတို့ အမိန့်တောင်းပါတယ်။ 

ကျွန်တော်တို့ဘက်ကလည်း လူကြီးတွေကို ပြန်လည် ပြောပြမယ်။ ပြောပြပြီးတော့ ရတယ်ဆိုရင်လုပ်ငန်းအဖွဲ့က စဆွေးနွေး ပါ့မယ်။ လုပ်ငန်းအဖွဲ့က ထွက်လာတဲ့အပေါ်မှာ မူတည်ပြီး ကျွန်တော်တို့က ဆက်ပြီး လုပ်ပါ့မယ်”ဟု ဝန်ကြီး ဦးအောင်မင်းက ပြောသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် ပူးတွဲစောင့်ကြည့်ရေးကော်မတီ (Joint monitoring committee) ဖွဲ့စည်းခြင်းနှင့် နိုင်ငံရေးမူဘောင်ရေးဆွဲရေးကော်မတီ (Political Dialodge Committee) တို့ ပူးတွဲ ဖွဲ့စည်းကာ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ကို ရေးဆွဲမည် ဖြစ်ကြောင်း သူက ပြောဆိုခဲ့သည်။

ထို့ပြင် NCCT တွင် ပါဝင်သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၆ ဖွဲ့မှ ၁၅ ဖွဲ့ အပစ်အခတ် ရပ်စဲခဲ့ပြီး အာင်းတပ်မတော် (TNLA)သည် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးထားခြင်း မရှိသော်လည်း အပစ်အခတ် ရပ်စဲရေး ဆွေးနွေးညှိနှိုင်းပြီးပါက ဆက်လက် ပါဝင်ဆွေးနွေးနိုင်သည်ဟု ဦးအောင်မင်းက ပြောဆိုခဲ့သည်။

ကိုးကန့် (MNDAA)၊ တအာင်းတပ်(TNLA)နှင့် ရခိုင်တပ်မတော်(AA) အဖွဲ့အစည်း သုံးဖွဲ့အား တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးမှုတွင် ပါဝင်ခြင်း ရှိမရှိဟူသော မေးမြန်းမှုကိုမူ တိုင်းရင်းသား အဖွဲ့ အစည်းများအား တံခါးပိတ်ထားခြင်း မရှိသော်လည်း အပစ်အခတ် ရပ်စဲရေး ဆွေးနွေးရန် လုပ်သင့်သည်ဟု ပြောဆိုခဲ့သည်။

NCA လက်မှတ်ရေးထိုးမှုတွင် လက်ရှိ အစိုးရနှင့် တိုက်ပွဲ ဖြစ်ပွားနေသော အဆိုပါ အဖွဲ့အစည်း သုံးဖွဲ့အား ချန်ထားခြင်း မရှိစေမည့် အာမခံချက်နှင့် ယင်းအဖွဲ့အစည်းများအား စစ်ရေးအရ စစ်ဆင်တိုက်ခိုက်ခြင်းများ မရှိစေရန် ဟူသော အာမခံချက်များ တင်ပြခဲ့သည်ဟု NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

“တိုင်းရင်းသားတွေဘက်ကတော့ ဘယ်သူမှ မချန်ချင်ဘူး။ သို့သော် အစိုးရဘက်ကတော့ မချန်လို့ မဖြစ်တာ ရှိတယ်ဆိုပြီးတော့ ငြင်းတယ်။ အဲဒီ မချန်လို့ မဖြစ်ဘူးဆိုရင် ပါနိုင်တဲ့ နည်းလမ်းကို အာမခံချက်ပေးပါလို့ ကျနော်တို့က တောင်းတယ်။ လောလောဆယ် မပါနိုင်သေးဘူးဆိုရင် အဲဒီ ချန်ထားတဲ့အဖွဲ့ကို စစ်ရေးအရ ချယ်မုန်းတာတို့ စစ်ဆင် တိုက်ခိုက်တာတို့ မလုပ်ဖို့ အာမခံနိုင်သလား။ အဲဒီအာမခံချက်တွေရှိရင် ကျွန်တော်တို့ ခေါင်းဆောင်တွေက ဒို့ ရဲဘော် ရဲဘက်တွေ ချန်နေတယ်ဆိုရင်လည်း သူတို့ကို နစ်နာအောင် မလုပ်ဘူး အာမခံချက်ရှိရင် ကျွန်တော်တို့ ခေါင်းဆောင်တွေက သဘောတူရင် တူမှာပေါ့။ NCAကို။ သက်ဆိုင်ရာ အစိုးရကို ပြန်တင်ပြဖို့တော့ ကျွန်တော်တို့ မှာလိုက်တယ်”ဟု ၎င်းက ပြောသည်။

NCA လက်မှတ်ရေးထိုးပွဲတွင် ပါဝင်မည့် သက်သေများ၊ သက်သေများ ပါဝင်ရေးနှင့် ပတ်သက်၍ နှစ်ဖက် သဘောတူညီမှု မရသေးကြောင်း သူက ပြောသည်။တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် နိုင်ငံရေးဆွေးနွေးပွဲ စတင်နိုင်ရန် ပူးတွဲစောင့်ကြည့်ရေးကော်မတီ ဖွဲ့စည်းနှင့် မူဘောင်ရေးဆွဲရေး ပူးတွဲ ကော်မတီတို့ မူဘောင်ရေးဆွဲနိုင်ရန် ကြိုတင် ပြင်ဆင်သည့်အနေဖြင့် ဆွေးနွေးညှိနှိုင်းခဲ့ခြင်း ဖြစ်ကြောင်း သူက ပြောဆိုသည်။

UPWC နှင့် မတွေ့ဆုံမီ MPC နှင့်NCCT တို့ ၃၀ မိနစ်ကြာ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် UPWC ဒုဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်၍ ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဦးခင်မောင်ကြီး၊ ဦးသန်းဌေးတို့ ပါဝင်ပြီး MPC မှ ဦးလှမောင်ရွှေ၊ ဦးမင်းဇော်ဦး၊ ဒေါက်တာကျော်ရင်လှိုင်၊ ဦးအောင်နိုင်ဦးနှင့် ဦးညိုအုန်းမြင့်တို့ ပါဝင်၍ NCCT ဘက်မှ နိုင်ဟံသာ ဦးဆောင်သော ကိုယ်စားလှယ်တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ Wangtarn resort တွင် မေလ ၂၈ ရက်တွင် မွန်းလွဲပိုင်းက ၂ နာရီကျော်ကြာ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့သည်။

ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်များသည် မနက်ဖြန် မေလ ၂၉ ရက်တွင် ရှမ်းပြည် ပြည်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တို့နှင့် တွေ့ဆုံဆွေးနွေးကြမည် ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List