Friday, May 29, 2015

ယူကရိန်းနှင့် နယူးဇီလန်ပွဲများတွင် မြန်မာအသင်း အမှတ်ရနိုင်ကြောင်း နည်းပြချုပ် ပြောကြား


မြန်မာအသင်းသည် မကြာမီ ကျင်းပတော့မည့် ယူ ၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အုပ်စုကျွတ်ရေး ကြိုးစားနေသည်နှင့်အညီ ယူကရိန်း၊ နယူးဇီလန်တို့နှင့် ယှဉ်ပြိုင်ရမည့်ပွဲများမှ အမှတ်ရအောင် ယူနိုင်မည်ဟု ခန့်မှန်းထားကြောင်း နည်းပြချုပ်ဂတ်စ်ဇီက The Voice သို့ ပြောကြားသည်။
နယူးဇီလန်နိုင်ငံ ဖန်ငရေမြို့တွင် လေ့ကျင့်နေသော မြန်မာအသင်းသည် မေလ ၃၀ ရက်နေ့တွင် အုပ်စုအတွင်း အတောင့်တင်းဆုံး အသင်းဖြစ်သော အမေရိကန်နှင့် တွေ့ဆုံမည်ဖြစ်ပြီး ဇွန်လ ၂ ရက်နေ့တွင် ယူကရိန်း၊ ဇွန်လ ၅ ရက်နေ့တွင် အိမ်ရှင်နယူးဇီလန်တို့နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

“ယူကရိန်းနဲ့ပွဲမှာ အမှတ်ရအောင် ကိုင်တွယ်နိုင်မယ်လို့ ထင်တယ်။ နယူးဇီလန်ပွဲမှာလည်း အဲဒီလို လုပ်နိုင်မယ်လို့ ထင်တယ်။ ကျွန်တော်တို့အနေနဲ့ ဒီလိုပဲ တိုက်ရမယ်လေ” ဟု ဂတ်စ်ဇီက ဖန်ငရေမြို့တွင် တွေ့ဆုံ
စဉ် ပြောကြားသည်။အုပ်စုမှ နောက်တစ်ဆင့် တက်လှမ်းနိုင်ရန် အနည်းဆုံး သုံးမှတ်နှင့် လုံလောက်သော ဂိုးအရေအတွက် လိုအပ်ပြီး လေးမှတ်ရရှိပါက ပိုမိုကောင်းမွန်ကြောင်း ၎င်းကဆိုသည်။

“အဲဒါရဖို့ ပစ်မှတ်ထား ကြိုးစားနေပါတယ်။ ကျွန်တော် ကတိတော့ မပေးနိုင်ဘူး” ဟု ဂတ်စ်ဇီက ပြောကြားသည်။

နယူးဇီလန်အခြေစိုက် သတင်းစာများ၌ မြန်မာအသင်းသည် အုပ်စုမှထွက်ကာ အိမ်ပြန်ရမည့် အသင်းအဖြစ် ခန့်မှန်းဖော်ပြလျက်ရှိပြီး အမေရိကန်အသင်းသည် အုပ်စုဗိုလ်အဖြစ် လည်းကောင်း၊ ဒုတိယနေရာကို ယူကရိန်းနှင့် နယူးဇီလန်တို့ လုရမည်ဖြစ်ကြောင်း ခန့်မှန်းဖော်ပြလျက်ရှိသည်။

FIFA (ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်) က စေလွှတ်သည့် မီဒီယာအဖွဲ့နှင့် ဂတ်စ်ဇီတို့ မေလ ၂၈ ရက်နေ့က တွေ့ဆုံရာ၌ ပြိုင်ပွဲတွင် မည်ကဲ့သို့ မျှော်မှန်းထားသနည်းဟု FIFA မီဒီယာအဖွဲ့က မေးမြန်းခဲ့ရာတွင် ဂတ်စ်ဇီက “ဘောလုံးမှာက ဘာမဆိုဖြစ်နိုင်ပါတယ်။ ကိုယ့်ဘက်က ပြင်ဆင်စရာ ရှိတာကို ပြင်ဆင်ထားပြီးပါပြီ။ ရလဒ်ကောင်းဖို့ ကြိုးစားပါမယ်။ အံ့အားသင့်အောင် လုပ်ပြနိုင်ဖို့တော့ ပြင်ဆင်ထားပါတယ်။ အံ့အားသင့်တယ် မသင့်ဘူးဆိုတာက ပြိုင်ပွဲကျမှ သိရမှာပါ” ဟု ပြန်လည်ဖြေကြားခဲ့သည်။

မြန်မာ့လက်ရွေးစင် ငွေခေတ်ကစားသမားဟောင်းများကလည်း မြန်မာအသင်းအနေနှင့် အမေရိကန်အသင်းကို အနိုင်မရနိုင်သော်လည်း အနိမ့်ဆုံးသရေ ဖြစ်အောင် ကစားနိုင်မည်ဟု ယုံကြည်ကြောင်း မှတ်ချက်ပြု ပြောဆိုကြသည်။


The Voice Weekly


No comments:

Post a Comment

My Blog List