Monday, May 25, 2015

မိုးသည်း၍ ရက်ရွှေ့ခဲ့သည့် ဘူးကိုင်းရှင်ပြုအလှူပွဲ သမ္မတ ပြန်တက် ရေစက်ချ


စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ် ဘူးကိုင်းရွာ၌ ရှင်အပါး ငါးထောင် ရှင်လောင်းလှည့်လည်ပွဲ အပြီး တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သောကြောင့် ရွှေ့ဆိုင်းခဲ့ရသော အလှူအောင်ပွဲကို မေလ ၂၄ ရက်နေ့က ဘူးကိုင်းစံပြကျေးရွာ အနီးတွင် ပြန်လည်ကျင်းပခဲ့ရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်၍ ရေစက် ချခဲ့ကြောင်း အဆိုပါ ပွဲစီစဉ်သူများထံမှ သိရသည်။
မေလ ၁၅ ရက်နေ့က ရှင်ငါးထောင် အလှူအောင်ပွဲနှင့် ရေစက်ချအခမ်းအနား ကျင်းပရန် စီစဉ်ခဲ့သော်လည်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် ရေစက်ချမည့်ရက်ကို ရွှေ့ဆိုင်းခဲ့ရကြောင်း၊ ဌာနဆိုင်ရာ အသီးသီးမှ ဝန်ထမ်းများက ပျက်စီးမှုများကို ပြင်ဆင်ခဲ့ပြီးနောက် မေလ ၂၄ ရက်နေ့တွင် ပြန်လည်ကျင်းပခဲ့ခြင်း ဖြစ် သည်ဟု ဘူးကိုင်းစံပြကျေးရွာ အလှူတွင် တာဝန်ကျနေသည့် ဌာနဆိုင်ရာ ဝန်ထမ်းတစ်ဦးက ပြောကြား သည်။

ရှင်ပြုပွဲအောင်ပွဲ ပြန်လည်ကျင်းပသည့် မေလ ၂၄ ရက်နေ့တွင် နိုင်ငံတော်သမ္မတနှင့် အဖွဲ့သည် သာမဏေ ၁၀၈ ပါးကို ဆံချမင်္ဂလာ ပြုပေးခဲ့ပြီးနောက် ယင်းကိုရင်များအတွက် နိုင်ငံတော်သမ္မတက ငွေကျပ် ၁၀၈ သိန်းနှင့် သံဃာတော် အရှင်သူမြတ်များ နေ့ဆွမ်းဆက်ကပ်နိုင်ရန် ငွေကျပ်သိန်း ၉၀ လှူဒါန်းခဲ့ကြောင်း အဆိုပါရှင်ပြုပွဲကို ဦးဆောင်ကျင်းပသူများထံမှ သိရသည်။

“၂၀၁၀ ပြည့်နှစ်တုန်းက မြန်မာနိုင်ငံမှာ သံဃာခြောက်သိန်းကျော် ရှိတယ်။ အခု ငါးသိန်းကျော်ပဲ ရှိတော့ တယ်။ သာသနာမှာ ကုန်ကြမ်းဖြစ်တဲ့ ရှင်သာမဏေ ရှားပါးလာတာ တွေ့ရတယ်။ သာသနာအတွက် ကုန်ကြမ်းရှာမယ်ဆိုပြီး ရှင်ငါးထောင် အလှူပွဲကို လုပ်ခဲ့တာ။ ရှင်ငါးထောင်ကနေ ရှင်ငါးရာ၊ ရှင်တစ်ထောင် ကျန်မယ်လို့ မှန်းပါတယ်။ ကုန်ကြမ်းထွက်လာရင်လည်း ကုန်ချောဖြစ်အောင် ဂိုဏ်းပေါင်းစုံက ဆရာတော်တွေကလည်း ထောက်ပံ့ပေးပါ။ ရှင်သာမဏေလောင်းလျာတွေအတွက်လည်းရာသက်ပန် ထောက်ပံ့ဖို့ စီမံချက်တွေ ဆွဲထားပါတယ်” ဟု ရှင်ငါးထောင် အလှူပွဲအား ဦးဆောင်ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ အနန္တမေတ္တာရှင် ဆရာတော် ဘဒ္ဒန္တဣဒ္ဓိဗလက မိန့်ကြားသည်။

ရေစက်ချ တရားဟောခဲ့သည့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကလည်း သာသနာ နှစ် ၂၅၀၀ ကျော်အတွင်း ယခုကဲ့သို့ ကြီးကျယ်ခမ်းနားသည့် အလှူပွဲမျိုး မကြုံတွေ့ဖူးကြောင်း မိန့်ကြားခဲ့သည်။

ရှင်ငါးထောင် အလှူပွဲအပြီးတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဘူးကိုင်းစံပြကျေးရွာနှင့် ခုနစ်မိုင်ခန့်ဝေး သည့် ပရိမ္မကျေးရွာရှိ ကျန်စစ်သားမင်းကြီး တည်ထားခဲ့သည့် ထီးလှိုင်ရှင်ဘုရားသို့ သွားရောက်ဖူးမြော်ခဲ့ပြီး ကျန်စစ်သားမင်းကြီး၏ အောင်မြေတွင် အောင်မြေနင်းခဲ့ကာ ဆုတောင်းမှု ပြုလုပ်ခဲ့သည်ဟု ပရိမ္မကျေးရွာဒေ သခံများက ပြောကြားသည်။

ရှင်ငါးထောင်အလှူပွဲကို မေလ ၁၅ ရက်နေ့က ဖွင့်ပွဲအခမ်းအနားများဖြင့် ကျင်းပခဲ့ပြီး ရှင်လောင်းလှည့်ပွဲကို ဆင်ကိုးကောင်၊ မြင်း ၁၀၈ ကောင်၊ နွားလှည်းအစီး ၉၀ တို့ဖြင့် လှည့်လည်ခဲ့ကာ မေလ ၁၆ ရက်နေ့တွင် ရှင်ပြုပွဲအောင်ပွဲနှင့် ရေစက်ချ အခမ်းအနားပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း မိုးသည်းထန်စွာ ရွာသွန်းခဲ့၍ ရေ စက်ချပွဲကို ရွှေ့ဆိုင်းခဲ့ရခြင်း ဖြစ်သည်။

The Voice Weekly


No comments:

Post a Comment

My Blog List