Wednesday, May 27, 2015

၂၀၁၅ ရွေးကောက်ပွဲတွင် မဲရုံပေါင်း ငါးသောင်းခန့် ထားရန် ကော်မရှင် လျာထားဟုဆို


၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် မဲရုံပေါင်း ငါးသောင်းခန့်ထားရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လျာထားသည်ဟု ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက မေလ ၂၆ ရက်တွင် မဇ္ဈိမကို ပြောသည်။

“ မဲရုံပေါင်း ၄၇,၀၀၀ ကနေ ၅၀,၀၀၀ ထိ ထားဖို့ အကြမ်းအားဖြင့် လျာထားတယ်။ ရပ်/ကျေးအုပ်စု တိုင်းမှာ မဲရုံ ဖွင့်ပေးမယ်။ အဲဒီထဲမှာ ကျေးရွာခွဲတွေက သိပ်ဝေးနေရင်လည်း သွားဖွင့်ပေးမယ်လို့ ရည်မှန်း ထားတယ်" ဟု ၎င်းက ဆိုသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် UEC က ပြုစုပြီးသည့် မဲစာရင်းများ အင်တာနက် စာမျက်နှာ တွင် လွှင့်တင်ပြီးသည့် အခမ်းအနားတွင် ဦးတင်အေးက ပြောဆိုခြင်းဖြစ်ပြီး ဒုတိယအကြိမ်ထိ လွှင့်တင်ပြီးသည့် မဲစာရင်းများကို https://checkvoterlist.uecmyanmar.org တွင် ၀င်ရောက် ကြည့်ရှုကာ စိစစ်နိုင်ပြီ ဖြစ်သည်။

“အခု ဆော့ဖ်ဝဲအသစ်တစ်ခု စမ်းနေပါတယ်။ အဲဒါပြီးရင်တော့ မဲစာရင်းအပြင်၊ မဲပေးရမယ့် မဲရုံကိုပါ အဲဒီမှာ ကြည့်လို့ ရနိုင်တဲ့အထိ လုပ်ပေးဖို့ ရည်မှန်းထားတယ်" ဟု UEC အဖွဲ့ဝင် ဦးဝင်းကိုက မဇ္ဈိမကို ပြောသည်။

မဲရုံ နည်းပါးမှုကြောင့် မဲပေးသူများမှာ အခက်အခဲများစွာ ရှိခဲ့ကြောင်း ၂၀၁၀ ရွေးကောက်ပွဲဝင် ပါတီတို့ ထံမှ သိရသည်။ “၂၀၁၀ တုန်းက မြောက်ဦးမှာ ရှိတယ်။ မြောက်ဦး မဲဆန္ဒနယ်တွေထဲက နေရာ ၃ နေရာလောက်မှာ မဲရုံ အရေအတွက်ကြောင့် မဲရုံပိတ်ချိန်ထိ မဲပေးမယ့်သူတွေက ကျန်နေသေးတယ်။ အဲဒီတော့ လူတွေက မဲမပေးရလို့ ရုတ်ရုတ်သဲသဲတောင် ဖြစ်ခဲ့တယ်။ အမှန်ဆို မဲရုံတွေက စိပ်စိပ်ထားပေးဖို့ လိုအပ်ပါတယ်” ဟု ရခိုင်အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီအမည်ဖြင့် ၂၀၁၀ ရွေးကောက်ပွဲ ဝင်ခဲ့သည့် အတွေ့အကြုံကို ပါတီ ဗဟိုအလုပ်မှုဆောင် ဦးဦးလှစောက ရှင်းပြသည်။

ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့ကို ၂၀၁၄ ခုနှစ်တွင် ပူးပေါင်းကာ ရခိုင် အမျိုးသားပါတီအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး ဖြစ်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက တစ်နိုင်ငံလုံးတွင် ၇၆ ရာခိုင်နှုန်းထိ အနိုင်ရရှိခဲ့သည့် ၂၀၁၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် မဲရုံပေါင်း လေးသောင်းခွဲကျော်သာ ထားရှိခဲ့ခြင်း ဖြစ်သည်။ ရန်ကုန်တိုင်းတွင်မူ မဲရုံပေါင်း ငါးထောင်ကျော် ထားရှိခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List