Friday, May 29, 2015

နိုင်ငံရေးမူဘောင်ရေးဆွဲရန် လက်နက်ကိုင်အင်အားစုများ ဆွေးနွေး


အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ် တွေဟာ ထိုင်းနိုင်ငံချင်းမိုင်မှာ တွေ့ဆုံပြီး အပစ်အခတ်ရပ်စဲပြီးနောက် ဆက်လက်လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေကို အစပျိုးလုပ် ဆောင်နိုင်ဖို့အတွက် ဆွေးနွေး
ခဲ့ကြပါတယ်။

ပြည်ထောင်စုအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းအဖွဲ့ (ယူပီဒဗလျူစီ)က ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ တွေရဲ့ တပြည်လုံးအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) က ကိုယ်စားလှယ်တွေဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီကနေ့ တွေ့ဆုံပွဲမှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် ချုပ်ဆိုပြီးတဲ့အခါ လုပ်ဆောင်ရမယ့် နိုင်ငံရေးမူဘောင်ရေးဆွဲရေးနဲ့ ပတ်သက်လို့ အလွတ်သဘောဆွေးနွေးကြပါတယ်။

ဆွေးနွေးပွဲကို ယူပီဒဗလျူစီ ဒုဥက္ကဋ္ဌ ဦးအောင်မင်း၊ ဗိုလ်ချုပ်ကြီးသက်နိုင်ဝင်း၊ ဦးခင်မောင်စိုး၊ ဦးသန်းဌေးတို့ ဦးဆောင်ပြီး အမ်ပီစီ (မြန်မာငြိမ်းချမ်း ရေးစင်တာ) အလုပ်အဖွဲ့ဝင်တွေနဲ့ အန်စီစီတီဘက်က အဖွဲ့ခေါင်းဆောင် နိုင်ဟံသာ၊ ဒုတိယ အဖွဲ့ခေါင်းဆောင် ပဒိုစောကွယ်ထူးဝင်းနဲ့ အဖွဲ့ဝင်တွေ တက်ရောက်ဆွေးနွေးတာပါ။

နေ့ခင်း ၂ နာရီခွဲကနေ ညနေ လေးနာရီ ၁၅ ထိ ဆွေးနွေးပွဲအပြီးမှာ ၀န်ကြီးဦးအောင်မင်းက “အန်စီအေစာချုပ်ထဲမှာ ဘာပါလဲဆိုရင် နံပါတ် (၁) အန်စီအေစာချုပ်ကို လက်မှတ်ထိုးတာ၊ ပြီးလို့ရှိရင် အဖွဲ့ ၂ ဖွဲ့ ဖွဲ့မှာပေါ့။ တဖွဲ့က joint monitoring committee (ပူးတွဲစောင့်ကြည့်ရေးအဖွဲ့) ဖွဲ့ပါမယ်။ နောက်တဖွဲ့က Political Dialogue committee (နိုင်ငံရေးတွေ့ဆုံဆွေး နွေးရေးကော်မတီ) ဖွဲ့ပါမယ်။ Political Dialogue committee ကနေ political framework (နိုင်ငံရေးမူဘောင်) ကို ရေးဆွဲရပါမယ်။ အခု နိုင်ငံရေးတွေ့ ဆုံဆွေးနွေးရေးကော်မတီကို မဖွဲ့ရသေးပါဘူး။ သို့သော်လည်းပဲ နိုင်ငံရေး မူဘောင်နဲ့ပတ်သက်ပြီးတော့ ပါတီတွေက သိပ်တက်ကြွပါတယ်။

သူတို့ဘက်က ဆွဲနေကြပါပြီ၊ အဲဒီတော့ ကျနော်တို့ဘက်ကလည်း ဒါကိုတော့ ကြိုပြီးတော့ လုပ်သင့်တယ်။ လုပ်သင့်တော့ ကျနော်တို့ဘက်က လူကြီးတွေတော့ မပါဘူး။ လုပ်ငန်းအဖွဲ့ ကြိုပြီးတော့ ဆွေးနွေးကြမယ်။ ပြုကြမယ်၊ 

ဒီကိစ္စကိုလည်း လော်ခီးလာဆွေးနွေးပွဲမှာ ကြိုလုပ်ချင်တဲ့အကြောင်း သူတို့ အမိန့်တောင်းပါမယ်။ ကျနော်တို့ဘက်ကလည်း လူကြီးတွေကို ပြောပြမယ်။ ပြောပြပြီးလို့ ရတယ်ဆိုရင်တော့ လုပ်ငန်းအဖွဲ့ စဆွေးနွေးပါမယ်။ လုပ်ငန်းအဖွဲ့က ထွက်လာတဲ့ အပေါ်မူတည်ပြီး ဆက်လုပ်ပါမယ်။” လို့ ပြောပါတယ်။

တိုက်ပွဲတွေဖြစ်ပွားဆဲဖြစ်တဲ့ ကိုးကန့်တပ်မတော် (MNDAA) ၊ တအာင်းပလောင် (TNLA) လွတ်မြောက်ရေးတပ်နဲ့ ရခိုင်တပ်မတော် (AA) အဖွဲ့တွေကတော့ အစိုးရနဲ့ ဒေသဆိုင်ရာ အပစ်အခတ်ရပ်စဲရေးဆွေးနွေးတဲ့အဖွဲ့တွေထဲမှာ မပါတဲ့အဖွဲ့တွေ ကိုတော့ NCA တွင်းမှာ အကျိုးမ၀င်တဲ့အကြောင်း ဦးအောင်မင်းကရှင်းပြပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA ကို အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပြီးဖြစ်တယ်လို့ ဦးအောင်မင်းက ညွှန်းဆိုပြောကြားခဲ့ပြီး TNLA နဲ့ပတ်သက်လို့ အစိုးရနဲ့ နှစ်ဦးနှစ်ဘက် အပစ်ရပ်လက်မှတ်မထိုးရသေးလို့ အဲဒီအဆင့်ကို ဖြတ်သန်းဖို့လိုတယ်လို့ ပြောသွားပါတယ်။ ကျန်နှစ်ဖွဲ့ကိုတော့ ၀န်ကြီး ဦးအောင်မင်းက မှတ်ချက်ပေးပြောဆိုခြင်းမရှိပါဘူး။အန်စီစီတီအဖွဲ့ က ဗိုလ်မှူးကြီးခွန်ဥက္ကာက “ဒီအတိုင်းလုပ်မယ်ဆိုရင် (နိုင်ငံရေးမူဘောင်ရေး ဆွဲရင်) ပေးထားတဲ့ရက်နဲ့ မလောက်မှာ (အပစ်ရပ်သဘောတူ လက်မှတ် ထိုးပြီး ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးမူဘောင်အပြီးရေးရန်) ဖြစ်လို့ အခုကတည်းကိုက ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ အလွတ်သဘော သူတို့ရဲ့အလုပ်အဖွဲ့နဲ့ ဒီက အလုပ်အဖွဲ့နဲ့ပေါင်းပြီး မူဘောင်ကိုဆွဲမယ်။ ပြီးတော့ ပူးတွဲစောင့်ကြည့်ရေးအဖွဲ့ကို ဖွဲ့နိုင်ဖို့အတွက် လုပ်ထုံးလုပ်နည်းတွေ ရေးမှာပေါ့ဗျာ။ အဲဒါလေးကို ဦးအောင်မင်းတို့က လာညှိတာပါ။ ” လို့ ပြောပါတယ်။

အန်စီစီတီအဖွဲ့က ဗိုလ်မှူးကြီးခွန်ဥက္ကာရဲ့ သတင်းစာရှင်းလင်းပွဲကို ရယူခဲ့တဲ့ ဒီဗွီဘီသတင်းထောက် ဦးရွှေအောင်က “အန်စီစီတီအနေနဲ့ NCA မူကြမ်းကို ပြင်စရာမရှိဘူးလို့ ပြောလိုက်တာတဲ့။ အဲဒါကို လော်ခီးလာကို တင်မယ်။ အဲဒါကို လူကြီးတွေက ပြင်ရင်လည်းပြင်မယ်၊ ဖြည့်ရင်လည်း ဖြည့်မယ်ပေါ့တဲ့။ နိုင်ငံရေးမူဘောင်ကိစ္စကတော့ ဟုတ်တယ်တဲ့။ ဒါကတော့ လုပ်ရမယ်တဲ့။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ လက်မှတ်ထိုးထားတဲ့စာချုပ်ထဲမှာ ပါတယ်တဲ့။ လက်မှတ်ထိုးပြီး ရက်ပေါင်း ၆၀ အတွင်းမှာ အဲဒါ ထွက်အောင်လုပ်ရမယ်ပေါ့။ နိုင်ငံရေးပါတီတွေက အကုန်ဆွဲပြီးပြီတဲ့။ အဲဒီတော့ ကျနော်တို့နဲ့ သူတို့နဲ့က ဆွဲဖို့လိုနေပြီတဲ့။ အဲဒါကိုလည်း သူတို့ (အန်စီစီတီ) က လူကြီးတွေကို တင်ပြမယ်။ လူကြီးတွေက အိုခေဆိုရင် ဒါလုပ်ရမယ့်အလုပ်ဆိုရင် လုပ်မယ်။ အကုန်လုံး လော်ခီးလာ တင်မှာဗျ” လို့ ပြောပါတယ်။

အန်စီစီတီအဖွဲ့ဟာ ကချင်လွတ်လပ်ရေးအဖွဲ့ဌာနချုပ်မှာကျင်းပတဲ့ တိုင်းရင်းသား လက်နက်ကိုင် တောင်လှန်ရေးအင်အားစုတွေရဲ့ ညီလာခံကနေ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်တရပ် ပေါ်ပေါက်လာအောင် အစိုးရနဲ့ ဆွေးနွေးဖို့ ဖွဲ့စည်းခဲ့တဲ့ အလုပ်အဖွဲ့တဖွဲ့ဖြစ်ပါတယ်။ အခုမကြာခင် ဇွန်လ ၂ ရက်နေ့ကျရင် ကရင်အမျိုးသား ထိန်းချုပ်နယ်မြေ လောခီးလာမှာကျင်းပမယ့် တိုင်းရင်းသားထိပ်သီးညီလာခံမှာ အစိုးရနဲ့ ပူးတွဲပြုစုထားတဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုသဘောတူစာချုပ် (မူကြမ်း) ကိုတင်ပြမှာဖြစ်သလို လုပ်ငန်းအစီရင်ခံစာကိုတင်သွင်းမှာ ဖြစ်ပါတယ်။

အန်စီစီတီခေါင်းဆောင်တဦးရဲ့ ရှင်းပြချက်အရ ဒီထိပ်သီးညီလာခံမှာ အန်စီစီတီကို ဖျက်သိမ်းမလား၊ ဆက်လက်ထားရှိမလား၊ အခြားအမည်တခုနဲ့ ကော်မတီတရပ် ဖွဲ့စည်းမလားဆိုတာကတော့ ညီလာခံကျမှ ဆွေးနွေးကြမှာဖြစ်တယ်လို့သိရပါတယ်။

ဝန်ကြီးဦးအောင်မင်းက မီဒီယာတွေနဲ့ရှင်းလင်းရာမှာ အန်စီအေ မူကြမ်းကို ပြင်စရာရှိလားလို့ မေးမြန်းခဲ့ကြောင်းနဲ့ အန်စီစီတီဘက်က ပြင်စရာမရှိကြောင်း ပြောဆိုခဲ့ပါတယ်။ ဒီဆွေးနွေးမေးမြန်းချက်ကို ဗိုလ်မှူးကြီးခွန်ဥက္ကာက “အန်စီစီတီဟာ အလုပ်အဖွဲ့က ပြင်ဆင်စရာမရှိလို့ဘဲ ပဏာမ လက်မှတ်ထိုးလိုက်တာပဲ။ ဒါပေမယ့် ကျနော်တို့ခေါင်းဆောင်တွေက ပြင်ရင် ပြင်မယ်၊ ဖြည့်ရင်ဖြည့်မှာဖြစ်တယ်လို့ ဖြေပါတယ်။

ဆွေးနွေးချက်တွေနဲ့ပတ်သက်လို့ သူက “မူကြမ်း Single Text ကို ထိတာတို့ ပြင်တာတို့ထက်စာရင် ဒီ Single Text ရဲ့ လက်တွေ့အကောင်အထည်ဖော်ဖို့ လိုအပ်ချက်က ဘာလဲ။ အဲဒီမှာ ပြဿနာရှိတယ်။ လက်မှတ်ရေးထိုးတဲ့နေရာမှာ တိုင်းရင်းသားတွေဘက်က ဘယ်သူမှ မချန်ချင်ဘူး။ သို့သော် အစိုးရဘက်ကတော့ မချန်လို့မဖြစ်တာရှိတယ်လို့ မြင်တယ်။ အဲလို မချန်လို့ မဖြစ်ဘူးဆိုရင် ပါနိုင်တဲ့နည်းလမ်းကို အာမခံချက်ပေးပါ။ နောက်ပြီးတော့ လောလောဆယ် မပါနိုင်သေးဘူးဆိုရင် ချန်ထားတဲ့အဖွဲ့တွေကို စစ်ရေးအရ ခြေမှုန်းတာတို့ စစ်ဆင်တိုက်ခိုက်တာတို့ မလုပ်ဖို့ အာမခံနိုင်သလား။ အဲဒီလိုအာမခံချက်ရှိရင် ကျနော်တို့ခေါင်းဆောင်တွေက သဘောတူရင် တူမှာပေါ့။ ကျန်ခဲ့တဲ့လူကို နစ်နာအောင် လုပ်မယ်ဆိုရင်တော့ သဘောတူပြီး လက်မှတ်ထိုးမယ့်သူက အခက်အခဲရှိတာပေါ့။ အဲဒါကိုတော့ သက်ဆိုင်ရာ အစိုးရအကြီးအကဲတွေ ဆီရောက်အောင် ပါးလိုက်တယ်။ နောက်တခါ သက်သေပေါ့။ ကျနော်တို့က သဘောတူတယ်ထား သက်သေများများလိုချင်တယ်။ အစိုးရဘက်က နည်းနည်းပဲလိုချင်တယ်။ အဲဒါညှိနေကြတာ၊ အဲဒါကတော့ နှစ်ဘက် သဘောမတူသေးဘူး။

“ဒါကြောင့် သက်သေကိစ္စတို့ သဘောတူလက်မှတ်ထိုးမယ့်ကိစ္စတို့၊ နောက် လက်မှတ်ထိုးမယ့်သူရဲ့ အဆင့်အတန်းပေါ့။ ကျနော်တို့ဘက်က ဥက္ကဋ္ဌတွေ စစ်ဦးစီးချုပ်တွေ ထိုးမယ်။ အဲဒီလို သူတို့ဘက်ကလည်း သမ္မတထိုးမလား၊ ကာကွယ်ရေးဦးစီး ချုပ်ထိုးမလား Protocol Change ပေါ့ အဲဒါလည်း ညှိလို့ မရသေးဘူး” လို့ ပြောပါတယ်။

လာမယ့် ဇွန်လ ၂ ရက်နေ့ကနေ ဇွန်လ ၆ ရက်နေ့အထိ လောခီးလာမှာ ထိပ်သီးဆွေးနွေးပွဲကျင်းပမှာဖြစ်ပြီး အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် မူကြမ်း ကို အတည်ပြုမလား၊ ဖြည့်စွက်ချက်လုပ်မလား တစုံတရာဆုံးဖြတ်ကြ ဖွယ်ရှိပါတယ်။

အခုဆွေးနွေးပွဲပါ ကိုယ်စားလှယ်တွေဟာ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (မူကြမ်း) ကို လပေါင်းများစွာအတွင်း ဆွေးနွေးပွဲပေါင်း များစွာကို ကျော်ဖြတ်ပြီး အတူတကွ ညှိနှိုင်းရေးဆွဲအတည်ပြုခဲ့ကြသလို ရက်ပိုင်းအကြာမှာတော့ အဲဒီစာချုပ်ကို လက်မှတ်ရေးထိုးဖို့ အဆင်သင့်ဖြစ် နေပြီလို့ အစိုးရဘက်က ပြောဆိုခဲ့ပါတယ်။

မနက်ဖြန်ကျရင် အစိုးရကိုယ်စားလှယ်အဖွဲ့ဟာ ရှမ်းပြည်တပ်မတော်တောင် ပိုင်းအပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတချို့နဲ့ ဆွေးနွေးကြ မှာဖြစ်ပါတယ်။

DVB

No comments:

Post a Comment

My Blog List