Sunday, November 30, 2014

ထိုင်ဝမ်ဒေသဆိုင်ရာ ရွေးကောက်ပွဲကျင်းပ တရုတ်နှင့် နီးစပ်သော မူဝါဒ အကဲဖြတ်ခံရမည်


ထိုင်ဝမ်ဒေသဆိုင်ရာ ရွေးကောက်ပွဲများကို ကျင်းပလျက်ရှိပြီး အာဏာရ ကူမင်တန်ပါတီ (KMT) က တရုတ်နှင့် နီးစပ်သော မူဝါဒ ချမှတ်ကျင့်သုံးနေခြင်းကို ပြည်သူများက ရွေးကောက်ပွဲတွင် စစ်ဆေး အကဲဖြတ်ပေးသွားမည် ဖြစ်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ဒေသစံတော်ချိန် နံနက် ၈ နာရီတွင် ထိုင်ဝမ်ကျွန်းပေါ်ရှိ မဲရုံများကို စတင်ဖွင့်လှစ်ခဲ့ပြီး မဲစာရင်းပေးရန် မှတ်ပုံတင်ထားသူပေါင်း ၁၈ သန်းကျော်ထိ ရှိသည်။

ဒေသဆိုင်ရာ ရွေးကောက်ပွဲတွင် ရာထူးနေရာပေါင်း ၁၁,၀၀၀ ကျော်အတွက် ကိုယ်စားလှယ်ပေါင်း ၂၀,၀၀၀ ခန့် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

ထိုင်ဝမ်သမ္မတ ရာထူး၊ ဥပဒေပြုလွှတ်တော်တွင်း နေရာအများစု၊ မြို့များနှင့် ကောင်တီနယ်များ၏ အကြီး အကဲ ရာထူးများကို ကူမင်တန် (KMT) ပါတီက ထိန်းချုပ်ထားသော်လည်း မကြာသေးမီက ကောက်ယူ ထားသော စစ်တမ်းများတွင် ကူမင်တန်ပါတီ၏ အစဉ်အလာ အမာခံနယ်မြေများ ဖြစ်သော ထိုင်ပေနှင့် တိုင်ချွမ်မြို့ကြီးများတွင်ပါ လူထုထောက်ခံမှု လျော့နည်းလာကြောင်း ဖော်ပြထားသည်။

ကူမင်တန်အစိုးရနှင့် တရုတ်ကြား အနီးကပ် ပူးပေါင်းဆောင်ရွက်ရေး ဆက်လက်ခွင့်ပြုထားပါက ထိုင်ဝမ် စီးပွားရေးမှာ ပြည်မကြီးအပေါ် အလွန်အကျွံ မှီခိုနေရမည် ဖြစ်ပြီး ပေါင်းစည်းရေးအတွက် ဖိအားပေးရာတွင် ခံနိုင်ရည်မရှိ ဖြစ်လာမည်ကို အချို့သော မဲဆန္ဒရှင်များက စိုးရိမ်လျက်ရှိသည်။

ထို့အပြင် တရုတ်နှင့် ပူးပေါင်းမှုမှ ကောင်းကျိုးများကို ယူဆောင်လာသည် ဖြစ်စေ ၎င်းတို့က တရုတ်နိုင်ငံနှင့် ပူးပေါင်းရေးအပေါ် ယုံကြည်မှုမရှိ ဖြစ်နေသည်။

သို့သော်လည်း ထိုင်ဝမ် စီးပွားရေး ချို့ယွင်းမှုများ ပေါ်ပေါက်နေခြင်းကြောင့် ထိုင်ဝမ်၏ အကြီးမားဆုံး ကုန်သွယ်ဖက် နိုင်ငံဖြစ်သော တရုတ်နှင့် ဆက်ဆံရေးကောင်းရန် လိုအပ်သည်ဟု ကူမင်တန်အပေါ် ထောက်ခံသူများက ပြောကြားထားသည်။

ထိုင်ဝမ်ကျွန်း လွှတ်လပ်ရေး တရားဝင်ကြေညာရန် လိုလားလျက်ရှိသော အတိုက်အခံ DPP ပါတီ ရွေး ကောက်ပွဲတွင် အနိုင်ရပါက တရုတ်နှင့် ထိုင်ဝမ်ကြား ဆက်ဆံရေး ဆိုးရွားလာနိုင်သည်ဟု ၎င်းတို့က စိုးရိမ်လျက်ရှိသည်။

ထိုင်ဝမ်ကျွန်းသည် တရုတ်နိုင်ငံမှ ခွဲထွက်ထားသည့် ပြည်နယ်တစ်ခု ဖြစ်သည်ဟု တရုတ်နိုင်ငံက ယူဆထားပြီး ပြည်မကြီးနှင့် ထိုင်ဝမ်ကျွန်း ပြန်လည်ပေါင်း စည်းရေး လုပ်ဆောင်ရမည်ဟု ဘေဂျင်းက အခိုင်အမာ စွဲကိုင်ထားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List