Thursday, October 09, 2014

ရှမ်းပြည်တပ်မတော် SSA ဌာနချုပ်ကို သိမ်းပိုက်ရန်မရှိဟု ဦးအောင်မင်း ပြောကြား


အစိုးရနှင့်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသော ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP /SSA ဌာနချုပ် ဝမ်ဟိုင်းကို သိမ်းပိုက်ရန် အစိုးရအစီအစဉ် မရှိကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။

အောက်တိုဘာ ပထမပတ်အတွင်း ရှမ်းပြည်နယ်တောင်ပိုင်း SSPP/SSA ဌာနချုပ်အနီး အစိုးရနှင့် SSPP/ SSA တပ်ဖွဲ့ဝင်များ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေမှုနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ရှမ်းနိုင်ငံရေး အင်အားစုများနှင့် တွေ့ဆုံရာတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP အဖွဲ့ဝင် ဦးစောသန်းမြင့်က ပြောကြားသည်။

ရှမ်းပြည်နယ် တောင်ပိုင်းတွင် တပ်မတော်မှ စစ်ရေးလှုပ်ရှားမှုများနှင့် ပတ်သက်ပြီး SSPP/SSA နာယက ဗိုလ်ချုပ်ကြီးဆေထင်က ဝမ်ဟိုင်းဌာနချုပ်ကို သိမ်းပိုက်ရန် အစီအစဉ် ရှိမရှိ မေးမြန်းရာတွင် ဦးအောင်မင်းက သိမ်းပိုက်မည် မဟုတ်ဟု ပြန်လည်ပြောဆိုကြောင်း ဦးစောသန်းမြင့်က ပြောကြားသည်။“နိုင်ငံတော်သမ္မတ အနေနဲ့ ဝမ်ဟိုင်းဌာနချုပ်ကို ဘယ်တော့မှ မသိမ်းခိုင်းပါဘူးလို့ ဦးအောင်မင်းက ပြောပါတယ်” ဟု ၎င်းက ဆိုသည်။

အောက်တိုဘာ ၂ ရက်မှ ၄ ရက်နေ့အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ရှမ်းနိုင်ငံရေးပါတီများ ဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP တို့နှင့် ရှမ်းတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ဖြစ်သော ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA ၊ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA၊ စိန်ကျော့ဌာနေ ပြည်သူ့စစ် (SSA) တို့နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းနှင့် တွေ့ဆုံ ဆွေးနွေးထားသည်။

အဆိုပါ ဆွေးနွေးပွဲမှ အစိုးရတပ်မတော်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA တို့ တိုက်ပွဲများ ဖြစ်ပွားနေသော်လည်း နိုင်ငံရေးပြဿနာကို တွေ့ဆုံညှိနှိုင်းမှုဖြင့် ဖြေရှင်းမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာထားသည်။

အစိုးရနှင့် SSPP/SSA ကြား အောက်တိုဘာ ၂ ရက်နေ့တွင် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး အစိုးရတပ်မတော် က လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ တိုက်ပွဲအရှိန် မြှင့်တင်လာသောကြောင့် အောက်တိုဘာ ၃ ရက် နေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်း လွယ်လင်ခရိုင် ကျေးသီးမြို့နယ် တာဖာဆောင်တံတား အနီးရှိ SSPP/SSA တပ်စခန်းကို ဆုတ်ခွာပေးလိုက်ရကြောင်း SSPP/SSA ထံမှ သိရသည်။

“အဲဒီဒေသမှာ ရှမ်းတပ်ရော၊ ဗမာတပ်ရော စစ်ကြောင်းလှုပ်ရှားမှုတွေ မလုပ်ဖို့ နိုင်ငံတော်သမ္မတက အရင် ကတည်းက အကြောင်းကြားထားပြီးသားပါ။ ကြားထဲက နားလည်မှု လွဲတာပါ။ အခုတော့ နှစ်ဖက်လုံး ပြန်ငြိမ်နေပါပြီ” ဟု ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး စိုင်းလက မှတ်ချက်ပြုသည်။

ယင်းသို့ ရှမ်းပြည်နယ်အတွင်း တပ်မတော်၏ စစ်ရေးလှုပ်ရှားမှုများကို ရပ်တန့်ပေးရန်အတွက် နိုင်ငံတော် သမ္မတထံသို့ ရှမ်းတိုင်းရင်းသား နိုင်ငံရေး အင်အားစုများက စာပေးပို့ထားသည်။

ထို့အပြင် ရှမ်းပြည်နယ်အတွင်း မြန်မာ့တပ်မတော်က တိုင်းရင်းသား လက်နက်ကိုင်များအပေါ် အင်အား ထောင်ချီ အသုံးပြု တိုက်ခိုက်နေသည့် စစ်ရေးလှုပ်ရှားမှုများကို ချက်ချင်းရပ်တန့်ရန်ဝပြည်သွေးစည်းညီညွတ်
ရေး တပ်ဖွဲ့ UWSA က အောက်တိုဘာ ၅ ရက်နေ့တွင် ထုတ်ပြန် တောင်းဆိုထားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List