Tuesday, October 07, 2014

မြန်မာလုပ်သားနှစ်ဦးအတွက် တရားမျှတသော စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် ထိုင်းဝန်ကြီးချုပ်ထံ သမ္မတဦးသိန်းစိန်တောင်းဆိုမည်


နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က မကြာမီရက်ပိုင်းအတွင်း မြန်မာသို့ လာရောက်မည့် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ ဗြိတိန်စုံတွဲအားသတ်သူဟု စွပ်စွဲဖမ်းဆီးခံထားရသော မြန်မာ အလုပ်သမားနှစ်ဦး အတွက် တရားမျှတသော စုံစမ်းစစ်ဆေးမှု များပြုလုပ်ရန် တောင်းဆိုမည် ဖြစ်ကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၉ ရက်တွင် ထိုင်းအာဏာသိမ်း စစ်ခေါင်း ဆောင်ဟောင်းဖြစ်သူ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာနှင့် ဇနီးတို့မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ပြီး ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်နှင့်တွေ့ဆုံစဉ် မြန်မာအလုပ် သမားနှစ်ဦးကိစ္စကိုလည်း ထည့်သွင်းဆွေးနွေးမည် ဖြစ်ကြောင်းသမ္မတပြော ခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ပြောသည်။

‘‘ဒီကိစ္စဟာ တရားမျှတမှုမရှိ တဲ့ စုံစမ်းစစ်ဆေးမှုဖြစ်နေမှာကို မြန်မာက စိုးရိမ်ပူပန်တယ်။ ဖြစ် စဉ်ကို တရားမျှမျှတတနဲ့ စုံစမ်း စစ်ဆေးပေးဖို့၊ တရားမျှတတဲ့ ဥပဒေအကြောင်းအရ စုံစမ်းမှုတွေလုပ်ဖို့ သမ္မတ ကြီးက သတင်း စကားပါး မှာဖြစ်ပါတယ်။ မြန်မာ သံရုံးကလည်း ဥပဒေလမ်းကြောင်းအရ ပံ့ပိုးကူညီမှုတွေ လုပ်နေပါတယ်’’ဟု ၎င်းက ပြောသည်။

ဖြစ်ပွားခဲ့သော မှုခင်းတွင် မိမိနိုင်ငံသားများအတွက် အမှန် တရားအတိုင်းဖြစ်စေ ရန် တောင်း ဆိုမှုများပြုလုပ်မည်ဖြစ်ပြီး ပြည်ပ နိုင်ငံ၏ တရားစီရင်ရေးကိုမူ ဝင် ရောက်စွက်ဖက်မည် မဟုတ် ကြောင်း ၎င်းက ပြောသည်။

‘‘သမ္မတက ထည့်ပြီးဆွေး နွေးမှာပါ။ ဒီအလုပ်သမားနှစ် ယောက်အပြင် ထိုင်းက အလုပ် သမားတွေရဲ့ အရေးကိုပါ ထည့် ပြီး ဆွေးနွေးဖို့ ရှိပါတယ်။ ဘယ်လို ပုံစံမျိုးနဲ့ ဒီကိစ္စကို ဆွေးနွေးမယ် ဆိုတာကတော့ မသိပါဘူး’’ဟု သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောသည်။

ထိုင်းဝန်ကြီးချုပ်၏ မြန်မာ ပြည်ခရီးစဉ်အတွင်း နေပြည် တော်နှင့် ရန်ကုန်မြို့တို့သို့ လာ ရောက်မည်ဖြစ်ပြီး ရန်ကုန်မြို့ ထိုင်းသံရုံးတွင် ထိုင်းနိုင်ငံသားစီးပွားရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံရန် စီစဉ်ထားသည်။

ယခုအခါ ဗြိတိန်စုံတွဲသတ်မှု တွင် မြန်မာအလုပ်သမားနှစ်ဦး ကျူးလွန်သည်ဟု ထိုင်းရဲတပ်ဖွဲ့ ထုတ်ပြန်ချက် ကို လက်မခံသည့် မြန်မာနိုင်ငံသားအချို့က ဝန်ကြီး ချုပ်ပရာယွတ်ခရီးစဉ်အတွင်း ထိုင်းသံရုံးရှေ့၌ ဆန္ဒပြ မှုများ ပြုလုပ်ရန် စီစဉ်မှုများရှိကြောင်း သတင်းရရှိသည်။

ဗြိတိန်စုံတွဲသတ်မှုတွင် မြန်မာအလုပ်သမား သုံးဦးအနက် DNA စစ်ဆေးချက် ကိုက်ညီသည် ဆိုသော မြန်မာနိုင်ငံသားနှစ်ဦးက ဝန်ခံထားပြီး ကျန်တစ်ဦးမှာ ငြင်း ဆန်လျက်ရှိသည်။ မြန်မာသံရုံး အထူးအဖွဲ့က လည်း စွပ်စွဲခံရသူ မြန်မာ အလုပ်သမားများနှင့် အောက်တိုဘာ ၆ ရက်တွင် တွေ့ ဆုံခဲ့သည်။

ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာသည် ၎င်း၏ အာဆီယံ နိုင်ငံများသို့ အလည်အပတ်ခရီးစဉ် စတင် ထွက်ခွာရာ၌ မြန်မာ နိုင်ငံသို့ ပထမဆုံးလာရောက်မည် ဖြစ်သည်။ ထိုင်းနိုင်ငံ၏ အနီးကပ်ဆုံး အိမ်နီး ချင်းနိုင်ငံတစ်ခု ဖြစ်သ လို အာဆီယံဥက္ကဋ္ဌ တာဝန်ယူနေသည့် တိုင်းပြည်ဖြစ်၍ဟု ဆိုသည်။ 

ခရီးစဉ်အတွင်း သမ္မတဦး သိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးချိန် ၌ စီးပွားရေး၊ လူမှုရေးအဓိက ကိစ္စရပ်များ ပါဝင်မည်ဖြစ်ကြောင်း ထိုင်းအစိုးရ၏ တရားဝင်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


7Day Daily

No comments:

Post a Comment

My Blog List