Thursday, October 09, 2014

သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့်လွတ်မြောက်လာသည့် အကျဉ်းသား ၃၀၀၀ ကျော်တွင် နိုင်ငံရေးအကျဉ်းသားပါဝင်မှုအရေအတွက်ကို ဆက်လက်စိစစ်နေ


နိုင်ငံတော်သမ္မတက အောက်တိုဘာ ၇ ရက်က အကျဉ်းထောင်အသီးသီးရှိ အကျဉ်းသား ၃၀၀၀ ကျော်အား ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပေးခဲ့ရာ လွတ်မြောက်လာသူများတွင် နိုင်ငံရေးအကျဉ်းသားဦးရေ မည်မျှပါဝင်သည် ကို ဆက်လက်စိစစ် ဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားအရေးကိစ္စများဆောင်ရွက်နေသည့် အဖွဲ့အစည်း များထံမှ သိရသည်။

လက်ရှိတွင် နိုင်ငံရေးအကျဉ်းသားအဖြစ်သတ်မှတ်ထားသူ တစ်ဦးသာပါဝင်သည်ကို တွေ့ရသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) မှ ဦးဘိုကြည်ကဆိုသည်။

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဦးမြင့်အောင်က "လက်ရှိက အတည်ပြု ချက်မရသေးဘူး။ နိုင်ငံရေး အကျဉ်းသား ပါတော့ပါတယ်။ နည်းတယ်။ ဘယ်နှဦး ပါလဲဆိုတာ ကျွန်တော်တို့ဆီကစာရင်းတွေနဲ့ တိုက် ဆိုင်စစ်ဆေးပြီးတော့ စာရင်းတွေပြန်စစ်ဆေးနေဆဲပါ" ဟုပြောကြားသည်။

လယ်ယာမြေပြန်လည်ရရှိရေးအတွက် ဆန္ဒထုတ်ဖော်မှုများ၊ ထွန်တုံးတိုက်ပွဲဆင်နွှဲ မှုများပြုလုပ်ခဲ့၍ ထောင် ဒဏ်ကျခံနေရသည့် ကန့်ဘလူလယ်သမား ၅၀ ကျော် လည်း သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်တွင် ပါဝင်လာသည်ကိုမတွေ့ရသေးဟု AAPP အဖွဲ့မှသိရသည်။

AAPP မှ ဦးအောင်မျိုးကျော်က "အခုလွတ်တဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသားက တစ်ယောက်တည်းပါတယ်။ ရာဇ၀တ်မှုတွေများတယ်။ အဲဒီအပေါ်မှာ ဝေဖန်ပြော ဆိုမှုတွေရှိနေတယ်။ လက်ရှိအစိုးရကနေပြီးတော့ ပြည်တွင်းငြိမ်းချမ်းရေး၊အမျိုးသားပြန်လည်သင့်မြတ်ရေးတွေဖော်ဆောင်နေတယ်လို့ ပြောတယ်။ဖော်ဆောင်
နေ တယ်လို့ပြောတဲ့နေရာမှာ ကျွန်တော်တို့ AAPP ရဲ့ဆောင်ပုဒ် ရှိတယ်ဗျ။ နိုင်ငံရေးအကျဉ်းသားရှိနေ သရွေ့ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်နိုင်ဘူး။ လက်ရှိ နိုင်ငံရေးအကျဉ်းသားတွေမလွတ်သေးဘဲနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးက ဘယ်လိုမှမဖြစ်နိုင်ဘူး" ဟု ပြောကြားသည်။

နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်တွင် နိုင်ငံရေးအကျဉ်းသား မည်မျှ ပါဝင်သည်ဆိုသည်ကိုအတည် မပြုနိုင်သေး၍ မည်သည့်မှတ်ချက်မှမပြု လိုသေးဟုလည်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့ အစည်းမှ ဦးဂျင်မီကဆိုသည်။

နိုင်ငံရေးအကျဉ်းသားအရေးကိစ္စများဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၏ စာရင်းများအရလက်ကျန်နိုင်ငံ
ရေးအကျဉ်းသားဦးရေ ၇၀ ကျော် ကျန်ရှိနေသေးသော်လည်း နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးထားသည့် လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီအနေဖြင့် လက်ရှိတွင် နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ထားသူမရှိသေးဘဲ ကော်မတီဝင်များ အကြား နိုင်ငံရေးအကျဉ်းသားသတ်မှတ်မှုကိစ္စတွင် ၀ိဝါဒ ကွဲပြားနေဆဲဖြစ်သည် ဟုသိရသည်။

အောက်တိုဘာ ၇ ရက်က လွတ်မြောက်လာသူများထဲတွင် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများ၏
တောင်းဆိုမှုကြောင့် လွတ်မြောက်လာသူနှစ်ဦးအနက် တစ်ဦးမှာ နိုင်ငံရေးအကျဉ်သားဟောင်းအဖွဲ့အစည်း များမှ နိုင်ငံရေးအကျဉ်းသား အဖြစ်သတ်မှတ်ထားသူ တစ်ဦးပါဝင်ကြောင်း သိရသည်။

နိုင်ငံရေးအကျဉ်းသားအရေးဆောင်ရွက်နေသည့်အဖွဲ့အစည်းများက နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ် ထားသည့် ၇၀ ကျော်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆက်နွှယ်နေသူများ၊ ရမည်းသင်း ရွှေတွင်းလုပ်သားများ၊ မီဒီယာသမားများ၊ တက်ကြွလှုပ်ရှားသူများပါဝင်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်တွင် နိုင်ငံရေးနှင့်ဆက်နွှယ်ပြီး ဖမ်းဆီးခံထားရသူ ၁၅၀၀ ကျော်လွတ်မြောက်လာရာ လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီ၏စိစစ်မှုဖြင့် လွတ်မြောက်လာသူ ၃၅၀ ကျော်ရှိကြောင်း သိရသည်။

အမေရိကန်နိုင်ငံမှလည်း ကျန်ရှိနေသေးသည့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် မြန်မာအစိုးရအား တောင်းဆိုထားကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List