Thursday, October 09, 2014

ကင်ညာ သမ္မတ နိုင်ငံတကာ ရာဇ၀တ် ခုံရုံးတွင် ပထမဆုံး စစ်ဆေးခံသော လက်ရှိခေါင်းဆောင် ဖြစ်လာ


ကင်ညာ သမ္မတ ဥဟူရုကန်ညာတာသည် လူသားထုအပေါ် ဆန့်ကျင်ကျူး လွန်သော ရာဇဝတ်မှု စွဲချက်များ အား နိုင်ငံတကာရာဇဝတ်မှုခုံရုံး၌ သွားရောက် ရင်ဆိုင်ရန်အတွက် သဟေ့ဂ် သို့ အောက်တိုဘာ ၈ ရက်က ရောက်ရှိလာသည်ဟု ဘီဘီစီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

၎င်းသည် နိုင်ငံတကာရာဇဝတ်မှုခုံရုံးတွင် လာရောက် အစစ်ဆေးခံသည့် ပထမဆုံးသော ရာထူးလက် ရှိ နိုင်ငံ့ခေါင်းဆောင်တစ်ဦး ဖြစ်လာလိမ့်မည်။

ကင်ညာတွင် ၂၀၀၇ ခုနှစ် ရွေးကောက်ပွဲ အပြီး အကြမ်းဖက်မှုတွင် ကင်ညာနိုင်ငံသား ၁၀၀၀ ကျော် အသတ်ခံခဲ့ရရာ ထိုအမှုနှင့် ပတ်သက်၍ ၎င်း၏ အခန်းကဏ္ဍအပေါ် စွဲချက်များ တင်ထားခဲ့ခြင်း ဖြစ်သည်။

သူသည် စွဲချက်များကို ငြင်းဆန်ခဲ့ပြီး၊ သူ၏ အမှုအား ပိတ်သိမ်းသင့်ကြောင်း ယုံကြည်သည်ဟုလည်း ဆိုခဲ့သည်။

သမ္မတ ဥဟူရုကန်ညာတာ နှင့် ပတ်သတ်သော အထောက်အထားကို ကင်ညာအစိုးရက ထိန်းသိမ်းထိမ် ချန်ထားသည်ဟူသော စွပ်စွဲချက် များကို ဖြေရှင်းပေးရန် ICC က သူ့အား ဆင့်ခေါ်ခဲ့ခြင်း ဖြစ်သည်။ ထိုအဆိုကို၊ နိုင်ငံတကာရာဇဝတ်မှုခုံရုံးသို့ အောက်တိုဘာ ၇ က လာရောက် တရားရင်ဆိုင်ခဲ့သည့် ကင်ညာ ရှေ့နေချုပ် ဂီတူ မူဂိုင်းကလည်း ပယ်ချထားခဲ့ပြီး ဖြစ်သည်။

ကင်ညာအစိုးရအနေဖြင့် အဓိကကျသော စာရွက်စာတမ်းအထောက်အထား များကို ထုတ်ပေးရန် ပျက်ကွက်ခဲ့ကြောင်း တရားလိုဘက်ရှေ့နေ များက ဆိုခဲ့ပြီးနောက် စက်တင်ဘာလတွင် နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးသည် အမှုစစ်ဆေးစီရင်ခြင်းကို ရွှေ့ဆိုင်းလိုက်သည်။ တရားစွဲဆိုရေးဘက်မှ မျက်မြင် သက်သေများမှာလည်း အမှုထဲမှ နုတ်ထွက်သွား ခဲ့ကြသည်။

မစ္စတာ ဥဟူရုကန်ညာတာ၊ သဟေ့ဂ်သို့ ရောက်နေစဉ်တွင် ဒုတိယ သမ္မတ ဝီလီယမ်ရရူတို က ယာယီ သမ္မတအဖြစ် တာဝန်ထမ်းဆောင်မည် ဖြစ်သည်။

သမ္မတ ကန်ညာတာက သူ၏ရိုးသားမှုကို အောက်တိုဘာ ၆ ရက်က ထပ်မံ အလေးပေး ပြောကြားခဲ့ပြီး လိပ်ပြာသန့်ကြောင်း ဆိုခဲ့သည်။

ကင်ညာလွှတ်တော်သို့ ပြောခဲ့သော မိန့်ခွန်းတစ်ခုတွင် မစ္စတာ ကန်ညာတာ က သူ့အနေဖြင့် သဟေ့ဂ် သို့ ပုဂ္ဂိုလ်ရေးအရ သွားခြင်းဖြစ်ကာ၊ ကင်ညာနိုင်ငံ၏ သမ္မတအနေဖြင့် သွားခြင်းမဟုတ်ကြောင်းနှင့် ကင်ညာ နိုင်ငံ၏ အချုပ်အခြာ အာဏာ မထိခိုက်စေရန် ရည်ရွယ်ကြောင်း ဆိုခဲ့သည်။

ICC တွင်လည်း ၎င်းအတွက် အထူးစီစဉ်မှုများ ဘာတစ်ခုမျှ ပြုလုပ်မထားကြောင်းလည်း သိရသည်။ မစ္စတာ ကန်ညာတာအား အခြားအစွပ်စွဲခံ ပုဂ္ဂိုလ်များကဲ့သို့ပင် အလားတူ ဆက်ဆံသွားမည်ဖြစ်ကြောင်း ICC ၏ အဓိက ပြောရေးဆိုခွင့်ရှိသူက ဆိုခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List