Tuesday, October 07, 2014

ဗြိတိန်စုံတွဲ အသတ်ခံရမှုတွင် ဖမ်းဆီးခံရသည့် မြန်မာနှစ်ဦးကိစ္စ ထိုင်းဝန်ကြီးချုပ်နှင့် မြန်မာသမ္မတ ဆွေးနွေးမည်


အမှုမှန်ပေါ်ပေါက်ရေး ထိုင်းအစိုးရက ဖိအားပေးနေပြီး ထိုင်းရဲတပ်ဖွဲ့၏ အမှုစစ်ဆေးနေမှုများတွင် ဝေဖန်မှု အချို့ ထွက်ပေါ်နေသော ထိုင်းနိုင်ငံ လိပ်ကျွန်းတွင် ဗြိတိန်စုံတွဲ သတ်ဖြတ်ခံရမှု၌ ဖမ်းဆီးခံထားရသည့် မြန်မာနှစ်ဦးကိစ္စကို မျှမျှတတ လုပ်ဆောင်ပေးရန် ထိုင်းဝန်ကြီးချုပ် မြန်မာနိုင်ငံခရီးစဉ်တွင် မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်က ဆွေးနွေးသွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယုချန်အိုချာ၏ မြန်မာနိုင်ငံခရီးစဉ်တွင် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား အရေးနှင့် ပတ်သက်၍ ဆွေးနွေးစဉ် စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံထားရသည့် မြန်မာနှစ်ဦးကိစ္စကို မျှမျှတတ လုပ်ဆောင်ပေးရန် ဆွေးနွေးမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါ မြန်မာနှစ်ဦး ဖမ်းဆီးခံရသည့်ကိစ္စ ဖြေရှင်းပေးရန် နိုင်ငံခြားရေး ဝန်ကြီးဌာနက မြန်မာသံအမတ်မှ တစ်ဆင့် ထိုင်းအစိုးရကို ပြောဆိုထားသော်လည်း ထိုင်းအစိုးရက လိုလိုလားလား လက်မခံသဖြင့် ထိုင်း ဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ် ထပ်မံဖိအားပေး တိုက်တွန်းသွားမည် ဖြစ်ကြောင်း အဆိုပါ အကြီးတန်းအရာရှိက ပြောဆိုသည်။ 

ဗြိတိန်စုံတွဲကို သတ်ခဲ့သည်ဟု မြန်မာနှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က စွပ်စွဲ ဖမ်းဆီးထားသော်လည်း ခန္ဓာကိုယ် အရွယ်အစား၊ သတ်ဖြတ်သွားသည့် ပုံစံ၊ အသုံးပြုသွားသည့် လက်နက် စသည်တို့အပေါ် အခြေခံကာ မြန်မာနှစ်ဦး သတ်ဖြတ်သည် ဆိုသည်မှာ မဖြစ်နိုင်ကြောင်း အင်တာနက် လူမှုစာမျက်နှာများတွင် ဝေဖန် ထားကြသည်။

ထိုင်းဝန်ကြီးချုပ်သည် မြန်မာနိုင်ငံသို့ အောက်တိုဘာလ ၉ ရက်နေ့မှ ၁၀ ရက်နေ့အထိ လာရောက်မည် ဖြစ်ကြောင်း ထိုင်းအစိုးရက ထုတ်ပြန်ထားသည်။

ထိုင်းရဲတပ်ဖွဲ့က အဆိုပါ အသတ်ခံရမှုကို စုံစမ်းစစ်ဆေးမှုနှင့် မြန်မာနှစ်ဦးက ပြစ်မှုကျူးလွန်သည် ဆိုခြင်းကို အယုံအကြည်မရှိသဖြင့် လွတ်လပ်မျှတစွာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် အွန်လိုင်းတွင်လက်မှတ်ထိုး လှုံ့ဆော် မှုတစ်ရပ်ကို ဂျပန်နိုင်ငံသား Christopher Harkins က လုပ်ဆောင်နေသည်။

မြန်မာနိုင်ငံသားနှစ်ဦးကို လူသတ်မှု ကျူးလွန်သည်ဟု အတင်းအကျပ် ဖိအားပေး ထွက်ဆိုခိုင်းထားသည်ဟု ထင်မြင်ပြီး ဗြိတိန်စုံတွဲ အသတ်ခံရမှုကို ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးနေမှုအပေါ် မယုံကြည်ကြောင်း၊ လွတ် လပ်သည့် စုံစမ်းစစ်ဆေးမှုကို ထိုင်းအစိုးရနှင့် ယူကေအစိုးရ ပူးပေါင်းလုပ်ဆောင်ရန် တောင်းဆိုကြောင်း ၎င်းကဆိုသည်။

ဆူရတ်ဌာနီခရိုင် ရဲချုပ်က အသတ်ခံရသည့် ဗြိတိန်နိုင်ငံသူ Hannah ၏ လက်ကိုင်ဖုန်းကို မြန်မာနိုင်ငံသား ၏ အခန်းထဲတွင် တွေ့သည်ဟု ပြောဆိုထားသော်လည်း ဗြိတိန်မီဒီယာတစ်ခုက ဖော်ပြချက်တွင် Hannah ၏ သူငယ်ချင်း ဖြစ်သူက Hannah သေဆုံးပြီး နောက်နေ့တွင် သူကိုယ်တိုင် ယင်းလက်ကိုင်ဖုန်းကို ရဲတပ်ဖွဲ့ကို အပ်နှံခဲ့သည်ဟု ဖော်ပြထားသဖြင့် ရဲချုပ် ပြောဆိုချက်မှာ မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း Bangkok Post သတင်းတွင် ဖော်ပြထားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List