Thursday, October 09, 2014

သီတင်းကျွတ်လပြည့်နေ့တွင် ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်အပါအ၀င် ဘုရားစေတီများ၌ လာရောက်ဖူးမြော်သူများဖြင့် စည်ကား


သီတင်းကျွတ်လပြည့်နေ့(အဘိဓမ္မာအခါတော်နေ့)တွင် ရွှေတိဂုံဘုရားအပါအ၀င် ရန်ကုန်မြို့ရှိ ဘုရားစေတီ များ၌ ဘုရားဖူးများ၊ အလှူတန်းပြုလုပ်သူများဖြင့် အထူးစည်းကားခဲ့ကြောင်း သိရသည်။မြန်မာသက္ကရာဇ် ၁၃၇၆ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ ၁၅ ရက်၊ ခရစ်သက္ကရာဇ် ၂၀၁၄ ခုနှစ် စက်တင်ဘာ ၈ ရက်သည် မြန်မာလူမျိုးတို့၏ အထွတ်အမြတ်ထားရာ သီတင်းကျွတ်အခါသမယဖြစ်သည်။

"ကျွန်မတို့က သီတင်းကျွတ်လပြည့်နေ့ဆို ရွှေတိဂုံဘုရားကို နှစ်တိုင်း အစောကြီးလာဖူးနေကြ။ မနက်စော စော ရွှေတိဂုံဘုရားကြီးကိုဖူးမြော်ရတာ အရမ်းကြည်နူးပီတိဖြစ်မိတယ်။ ဆီးမီးပူဇော်ပြီး ဆွမ်းတော်ကြီးကပ် တယ်။ ညကျရင်တော့ အဖေ၊ အမေနဲ့ လူကြီးသူမတွေကို လိုက်ကန်တော့ဖို့ စီစဉ်ထားပါတယ်" ဟု မြောက် ဥက္ကလာပမြို့နယ်မှ လာရောက်ဖူးမြော်သည့် မကြည်ပြာကပြောကြားသည်။

ရွှေတိဂုံစေတီတော်တွင် နံနက် ၄ နာရီခန့်မှစပြီး ဆွမ်းတော်ကြီးကပ်သူများ၊ ဆီမီးပူဇော်သူများ၊ ပန်းရေချမ်း ကပ်သူများ၊ ဘုရားဖူးများ၊ အလှူဒါနပြုလုပ်သူများ၊ အလှူခံများဖြင့် စည်းကားလျက်ရှိပြီး နံနက် ၇ နာရီခန့်တွင် ဘုရားရင်ပြင်ပေါ်၌ ဘုရားဖူးများ ပိုမိုများပြားလာခဲ့သည်။

ထို့ပြင် ရန်ကုန်မြို့လယ်ရှိ ဆူးလေစေတီတော်တွင်လည်း အဘိဓမ္မာအခါတော်နေ့ သီတင်းကျွတ်ပွဲတော် ဆီမီးငါးထောင်နှင့် သစ်သီးဆွမ်းကပ်လှူဒါန်းပူဇော်ပွဲ ပြုလုပ်မှုခဲ့ကြောင်းသိရသည်။

ဆက်လက်ပြီး ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ကမ္ဘာအေးစေတီတွင် ရပ်နီးရပ်ဝေးမှ ဘုရားဖူးများဖြင့်လည်း ကောင်း၊ အအေးဒါနပြုလုပ်သူများဖြင့်လည်းကောင်း စည်းကားလျက်ရှိသည်။

ဆက်လက်ပြီး ဗိုလ်တထောင်စေတီ၊ မယ်လမုစေတီ၊ ရေလယ်ကျောက်တန်း ဘုရား၊ မဟာဝိဇယစေတီ၊ စွယ်တော်စေတီ၊ ကျောက်တော်ကြီး(လောကချမ်းသာ အဘယလာဘမုနိရုပ်ပွားတော်) ဘုရားစသည့် ဘုရားစေတီများတွင်လည်း ဘုရားဖူးများ၊ အလှူဒါနပြုလုပ်သူများဖြင့် စည်းကားခဲ့ကြောင်း သိရသည်။ 

"အမြဲတမ်းဘုရားသွားဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ ဒီလိုအခါကြီးရက်ကြီးကျမှ ဘုရားသွားဖို့လုပ်ရတယ်။ ကလေးတွေကို ဘုရားလိုက်ပို့ဖို့ကအရေးကြီးတယ်။ မနှစ်ကတော့ ရွှေတိဂုံဘုရားသွားတယ်။ ဒီနှစ်တော့ မသွားနိုင်လို့ ကျောက်တော် ကြီးကိုလာဖူးတာ။ ဒီလိုရက်မျိုးက ဘုရားရှင်ကိုလည်း ဆီမီးနဲ့ပူဇော်ခွင့်ရ၊ လူကြီးသူမတွေကိုလည်း ကန့်တော့ခွင့်ရ၊ မိသားစုနဲ့ကွဲကွာနေတဲ့သူတွေဆိုလည်း တစ်နှစ်မှတစ်ခါ အိမ်ပြန်ကြပြီး ကိုယ့်မိဘဆွေမျိုးတွေနဲ့ ဆုံစည်းကြဆိုတော့ ၀မ်းသာဖို့ကောင်းပါတယ်" ဟု အင်းစိန်မြို့နယ်၊ ရွာမရပ်ကွက်မှ ကျောက်တော်ကြီး ဘုရားသို့ ၎င်း၏သားသမီးများနှင့်အတူ လာရောက်ဖူးမြော်သော မစန်းစန်း ကပြောကြားသည်။

သီတင်းကျွတ်လဖြစ်တည်လာပုံမှာ ဂေါတမမြတ်စွာဘုရားရှင်သည် တာဝတိံသာ နတ်ပြည်တွင် နတ်ဖြစ် လျက်ရှိသော မိခင်ဟောင်းမယ်တော်မိနတ်သားကို ကျေးဇူးဆပ်သည့်အနေဖြင့် အဘိဓမ္မာခုနစ်ကျမ်းကို နေ့ညမပြတ်ဟောကြားခဲ့ရာ သုံးလကြာမြင့်ခဲ့ပြီး သီတင်းကျွတ်လပြည့်နေတွင်ပြီးဆုံးသဖြင့် လူပြည်သို့ပြန် အဆင်း လူ့ပြည်မှ ဆီမီးရောင်စုံများဖြင့် ပူဇော်ကန့်တော့ရာမှ သီတင်းကျွတ်အခါ သမယ ဖြစ်တည်လာခဲ့ ကြောင်း ကျမ်းဂန်းများတွင် ဖော်ပြထားသည်။

သီတင်းကျွတ်လသည် မြတ်စွာဘုရားအား ဆီမီးပူဇော်ခြင်း၊ မိဘဘိုးဘွား၊ သက်ကြီးရွယ်အိုများအား ကန့်တော့ခြင်း၊ မီးထွန်းပွဲများကျင်းပခြင်း၊ စတုဒီသာများပြုလုပ်ခြင်းများဖြင့် စည်းကားသည့်လဖြစ်သည်။

Eleven Media Group

No comments:

Post a Comment

My Blog List