Thursday, October 09, 2014

အလင်းနည်းပညာသုံး အဏုကြည့်မှန်ပြောင်း၏ ပုံရိပ်ပြတ်သားမှု တိုးတက်လာအောင် တီထွင်ခဲ့သူ သုံးဦး ဓာတုဗေဒနိုဘယ်ဆု ဆွတ်ခူး


၂၀၁၄ ခုနှစ်အတွက် ဓာတုဗေဒ နိုဘယ်ဆုကို အဏုကြည့်မှန်ပြောင်း (မိုက်ကရိုစကုပ်) ၏ ပုံရိပ်ပြတ်သားမှု တိုးတက်လာအောင် ပြုလုပ်ပေးခဲ့သော သုတေသီ သုံးဦးအား ချီးမြှင့်လိုက်သည်ဟု အောက်တိုဘာ ၈ ရက် က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အလင်းနည်းပညာသုံး အဏုကြည့်မှန်ပြောင်း၏ အကန့်အသတ် နည်းသွားအောင် အလင်းမော်လီကျူး များကို အီရစ်ဘက်ထ်ဇစ်ဂ် ၊ စတီဖင်ဟဲလ် နှင့် ဝီလီယမ်မော် နာတို့က အသုံးပြုခဲ့ကြခြင်း ဖြစ်သည်။

ဓာတုဗေဒ နိုဘယ်ဆုရှင် သုံးဦးအနေဖြင့် ဆုငွေအဖြစ်  ဆွီဒင် ခရိုနာ ငွေ ရှစ်သန်း (ပေါင်စတာလင် ၀.၇ သန်း) ကို ခွဲဝေယူကြလိမ့်မည် ဖြစ်သည်။

ဆွီဒင်နိုင်ငံတွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဓာတုဗေဒ နိုဘယ်ဆုရှင် စာရင်းကို ကြေညာခဲ့ခြင်းဖြစ်သည်။ နိုဘယ်ဆုများကို ၁၉၀၁ ခုနှစ်ကတည်းက စတင်ချီးမြှင့်လာခဲ့ရာ၊ ဂုဏ်ကျက်သရေ ရှိသော ဓာတုဗေဒနိုဘယ်ဆုရှင်စာရင်းထဲတွင် ယခုနှစ်ဆုရ ဓာတုဗေဒနိုဘယ် ဆုရှင် သုံးဦးမှာ ယခင် ဓာတုဗေဒနိုဘယ်ဆုရှင် ၁၀၅ ဦးနှင့်အတူ ရောက်ရှိနေပြီဖြစ်သည်။

ပုံရိပ်အထူးပြတ်သားသော အဏုကြည့်မှန်ပြောင်းကို တီထွင်ခဲ့ခြင်းအတွက် ထိုသုတေသီ သုံးဦးကို နိုဘယ်ဆု ချီးမြှင့် ရခြင်းဖြစ်ကြောင်း နိုဘယ်ဆုကော်မတီ က ဆိုခဲ့သည်။

“ဒီနိုဘယ်ဆုရှင်တွေရဲ့ တီထွင်လုပ်ဆောင်မှုကြောင့် မော်လီကျူးဆိုင်ရာ ဖြစ်စဉ်တွေကို အချိန်ကိုက် လေ့ လာဖို့ ဖြစ်နိုင်လာပါပြီ” ဟု လန်းမ် တက္ကသိုလ်မှ ဓာတုဗေဒပညာရှင် နှင့် နိုဘယ်ဆုကော်မတီ၏ ဥက္ကဌ ပါမောက္ခ စဗန်လစ်ဒင် က ဆိုသည်။

အလင်းနည်းပညာသုံး အဏုကြည့်မှန်ပြောင်းများတွင် ယခင်က အကန့်အသတ်ရှိခဲ့ပြီး၊ အလင်း၏ လှိုင်း အလျား တစ်ဝက်ထက် သေးငယ်သောအရာများကို ပုံရိပ်ပြတ်သားမှု ကောင်းကောင်းဖြင့် မကြည့် ရှုနိုင်ခဲ့ပေ။

ထိုအကန့်အသတ်ကို ကျော်လွန်နိုင်ရန်အတွက် ယခု ဓာတုဗေဒ နိုဘယ်ဆုရ သုတေသီ သုံးဦးသည် အလင်းမော်လီကျူး  များကို သုံးခဲ့ကြရာ၊ သိပ္ပံပညာရှင်များအနေဖြင့် သေးငယ်လှသော အရာဝတ္ထုများကို ပုံရိပ်ပြတ်သားမှု ပိုမိုကောင်းမွန်စွာဖြင့် ကြည့်ခွင့်ရလာခဲ့ကြသည်။

ထို့ကြောင့် သက်ရှိဆဲလ်များအတွင်း မော်လီကျူး တစ်ခုချင်းစီ၏ လှုပ်ရှားမှုများကို သိပ္ပံပညာရှင်များ ပုံဖော်ကြည့်ခွင့် ရလာခဲ့သည်။

ပါမောက္ခ ဘက်ထ်ဇစ်ဂ် နှင့် မော်နာမှာ အမေရိကန် နိုင်ငံသားများ ဖြစ်ကြပြီး ပါမောက္ခ ဟဲလ်မှာ ဂျာမန် ဖြစ်သည်။

Ref:AFP
Mizzima - News in Burmese

No comments:

Post a Comment

My Blog List