Thursday, October 09, 2014

ပြည်ပ ငါးနိုင်ငံသို့ သယ်ဆောင်နိုင်မည့် တယ်လီနောဆင်းမ်ကတ် အောက်တိုဘာလလယ် ရန်ကုန်၌ ဖြန့်မည်


ပြည်ပနိုင်ငံ ငါးခုသို့ သယ်ဆောင်အသုံးပြုနိုင်မည့် တယ်လီနောဆင်းမ်ကတ်များကို အောက်တိုဘာ လလယ် တွင် ရန်ကုန်၌ စတင်ဖြန့်ချိမည်ဟု တယ်လီနောမြန်မာ၏ အရောင်းကိုယ်စားလှယ်တစ်ဦးက ပြောသည်။၎င်းက "အရောင်းကိုယ်စားလှယ်တွေ ဘက်ကိုတော့ ၁၂ ရက်နေ့ ချပေးမယ်လို့ ပြောထားတယ်။ ကတ်စပြီး ရတာနဲ့ ကျပ် ၁၅၀၀ နဲ့ပဲ ရောင်းပေးမှာပါ" ဟု ဆိုသည်။

တယ်လီနော မြန်မာ၏ တရားဝင် ထုတ်ပြန်ချက်အရ ဆင်းမ်ကတ်များကို  မန္တလေးတွင် စက်တင်ဘာ ၂၇ ရက်က စတင် ဝန်ဆောင်မှုပေးပြီးနောက် နှစ်ပတ်အကြာ (အောက်တိုဘာ ၁၁ ရက်တွင်)တွင် ရန်ကုန်မြို့၌ ဝန်ဆောင်မှု ပေးသွားမည်ဟု ပြောကြားထားသည်။

လက်ရှိအချိန်တွင် ရန်ကုန်မြို့တွင်းရှိ ကွန်ရက် စမ်းသပ်အသုံးပြုမှု စတင်နေပြီဖြစ်ပြီး ကွန်ရက် အဆင်သင့် ဖြစ်ချိန်တွင် ဆင်းမ်ကတ်များ ချပေးသွားမည်ဟု တယ်လီနောမြန်မာ၏ ပြန်ကြားရေးအရာရှိ ကိုစိုးသူထွန်းက မဇ္ဈိမကို ပြောသည်။

တယ်လီနော၏ ဆင်းမ်ကတ်များကို ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ မလေးရှားနှင့် ထိုင်းနိုင်ငံများသို့  သယ်ဆောင်အသုံးပြုနိုင်မည်ဖြစ်ပြီး ဖုန်းခေါ်ဆိုမှုအတွက် ပြည်ပနိုင်ငံ ၂၀၀ ကျော်သို့ ခေါ်ဆိုနိုင်မည်ဖြစ် သည်ဟု ကိုစိုးသူထွန်းက ပြောသည်။ ပြည်ပခေါ်ဆိုခများသည် နိုင်ငံအလိုက်တစ်မိနစ်ပြောဆိုခ ကျပ် တစ်ရာမှ ကျပ် ခြောက်ရာအတွင်း ကျသင့်မည်ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List