Monday, October 06, 2014

အလှူပေးသည်ဟု သဘောထား၍ အခွန်ဆောင်ရန် သမ္မတရုံးဝန်ကြီး တိုက်တွန်း



အခွန်ဆောင်မှသာ ပြည်သူလူထု၏ အိပ်မက်များကို အကောင်အထည် ဖော်နိုင်မည် ဖြစ်သဖြင့် အလှူပေးသည်ဟု သဘောထား၍ အခွန်ပေးဆောင်ကြရန် နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက တိုက် တွန်းပြောကြားသည်။


ပြည်သူလူထုက အခွန်ပေးဆောင်မှသာလျှင် လမ်း၊ တံတား၊ ကျောင်း၊ ဆေးရုံ စသည့် နိုင်ငံအတွက် လိုအပ်သည့် အရာများကို အကောင်အထည် ဖော်ရမည် ဖြစ်သဖြင့် ပြည်သူများ အခွန်ပေးဆောင်ရန် လိုအပ်ကြောင်း ၎င်းကဆိုသည်။

“ကျွန်တော်လည်း အခွန်ပေးရမယ်။ မည်သူမဆို အခွန်ပေးတာကို ပျော်နေရမယ်။ အလှူပေးသလို ဖြစ်နေရမယ်။ အဲဒါမှ အိပ်မက်တွေကို အကောင်အထည် ဖော်နိုင်မယ်။ အဲဒါမှ နိုင်ငံတော် တိုးတက်မယ်” ဟု ဦးစိုးသိန်းက ပြောဆိုသည်။

အခွန်ထမ်း ပြည်သူများနှင့် အခွန်ဌာက ဝန်ထမ်းများ ထိတွေ့ညှိနှိုင်းမှု၊ ယုံကြည်မှု တည်ဆောက်မှုများကြောင့် မြန်မာနိုင်ငံတွင် ယခုနှစ်ပိုင်း၌ အခွန်ပေးဆောင်မှု မြင့်တက်လာသော်လည်း ဂျီဒီပီ၏ ခြောက်ရာခိုင်နှုန်းခန့်သာ အခွန်ကောက်၍ ရသေးကြောင်း အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ ဥက္ကဋ္ဌ သူရဦးသောင်းလွင်က ပြောကြားသည်။

၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင် အခွန် ဘီလီယံ ၂၇၁၀၊ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် ၃၅၁၂ ဘီလီယံ ရရှိခဲ့ပြီး ယခု ဘဏ္ဍာနှစ်တွင် အခွန်ရရှိမှု ပိုမို တိုးတက်လာနိုင်ကြောင်း ၎င်းကဆိုသည်။

အခွန်ကောက်ခံ ရရှိရေးအတွက် မြို့နယ်အလိုက် အခွန်ထမ်းပြည်သူများနှင့် အခွန်ဌာနမှ ဝန်ထမ်းများ တွေ့ဆုံကာ ယုံကြည်မှုများ တည်ဆောင်မည် ဖြစ်ပြီး အခွန်ကောက်ရာတွင်လည်း ပြည်သူများအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေဘဲ ရသင့်သည့် အခွန်များရရှိရေး လုပ်ဆောင်မည် ဖြစ်ကြောင်း သူရဦးသောင်းလွင်က ပြောဆိုသည်။

အခွန်ကောက်ယူရာတွင် ပြည်သူလူထုအတွက် အကျပ်အတည်း မဖြစ်အောင် အခွန်နှုန်းထားကို ချင့်ချိန် လုပ်ဆောင် သင့်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောကြားသည်။

“အခွန်ဆိုတာ နိုင်ငံသားတိုင်း ဆောင်ရမယ်ဆိုတာ မှန်တယ်။ ဒါပေမဲ့ စားရေးသောက်ရေး ပြေလည်မှု မရှိသေးဘဲနဲ့ ကိုယ့်လက်ထဲက ထမင်းထုပ်ကို ခွဲပေးရမှာ ဘယ်သူမှ မလုပ်ချင်ဘူး” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် အခွန်များကို ကုမ္ပဏီများဆိုင်ရာ အခွန်ရုံးက ၄၅ ဒသမ ၆ ရာခိုင်နှုန်း၊ နေပြည်တော် ဌာနဆိုင်ရာ ရုံးများထံမှ ၂၅ ရာခိုင်နှုန်း၊ ရန်ကုန်တိုင်းဒေသကြီးက ၂၀ ရာခိုင်နှုန်းနှင့် ကျန်ပြည်နယ်နှင့် တိုင်းဒေသများမှ ၁၀ ရာခိုင်နှုန်း ရရှိကြောင်း အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment

My Blog List