Monday, October 06, 2014

အသတ်ခံရသည့် ဗြိတိန်နိုင်ငံသူ၏ ဖုန်း မြန်မာများအခန်းတွင် တွေ့ဟု ထိုင်းရဲချုပ် ပြောဆိုချက် မေးခွန်းထုတ်ခံရ



ထိုင်းနိုင်ငံ လိပ်ကျွန်းတွင် အသတ်ခံရသည့် ဗြိတိန်နိုင်ငံသူ၏ လက်ကိုင်ဖုန်းကို လူသတ်မှု ကျူးလွန်သည်ဟု စွပ်စွဲ ချက်ဖြင့် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသားများ အခန်းတွင် တွေ့ရှိသည်ဟု ဆူရတ်ဌာနီ ခရိုင်ရဲချုပ် ပြောဆိုချက်မှာ မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း Bangkok Post သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ထိုင်းနိုင်ငံ ဆူရတ်ဌာနီ ခရိုင်ရဲတပ်ဖွဲ့ ရဲချုပ်က အသတ်ခံရသည့် ဗြိတိန်နိုင်ငံသူ Hannah Witheridge ၏ လက်ကိုင်ဖုန်း ကို မြန်မာနိုင်ငံသား၏ အခန်းထဲတွင် တွေ့သည်ဟု အောက်တိုဘာလ ၅ ရက်နေ့က ပြောဆိုထားကြောင်း၊ သို့သော် လည်း ဗြိတိန်မီဒီယာတစ်ခု ဖြစ်သည့် Sceptical British က Hannah ၏ သူငယ်ချင်းဖြစ်သူက Hannah သေဆုံး သွားပြီးချိန်တွင် သူကိုယ်တိုင် ယင်းလက်ကိုင်ဖုန်းကို ရဲတပ်ဖွဲ့ထံ အပ်နှံခဲ့သည်ဟု ဖော်ပြထားကြောင်း Bangkok Post သတင်းတွင် ဖော်ပြထားသည်။

ယင်းသို့ လက်ကိုင်ဖုန်း အပ်နှံသည့် ဓာတ်ပုံ အထောက်အထားများသည် ထိုင်းသတင်းမီဒီယာများ၊ အင်တာနက် လူမူကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့နေသည်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ကောင်စစ်အရာရှိ ဦးထွန်းအေး၊ မြန်မာအလုပ်သမား သံအရာရှိ၊ ထိုင်းရှေ့နေ သုံးဦး၊ မြန်မာရှေ့နေတစ်ဦး အပါအဝင် စုစုပေါင်းအဖွဲ့ဝင် ကိုးဦးပါအဖွဲ့က ဖမ်းဆီးခံထားရသည့် မြန်မာနှစ်ဦးနှင့် စစ်ဆေး မေးမြန်း ခံရနေသည့် အခြားမြန်မာတစ်ဦးကို အောက်တိုဘာလ ၅ ရက်နေ့တွင် သွားရောက်တွေ့ဆုံကြသည်။

ယင်းသို့ တွေ့ဆုံမှုနှင့် ပတ်သက်၍ သိရှိနိုင်ရန် အဆိုပါအဖွဲ့ကို ည ရှစ်နာရီ ဝန်းကျင်အထိ ဆက်သွယ်မေးမြန်းသော် လည်း အဆက်အသွယ် မရရှိခဲ့ပေ။

ဗြိတိန်စုံတွဲ အသတ်ခံရမှုနှင့် ပတ်သက်၍ မြန်မာအလုပ်သမားများ ဖမ်းဆီးခံရမှုမှာ တရားဥပဒေ နည်းကျကျ ဖြေရှင်းခွင့် မရှိကြကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူ Pornpen Khongkachonkiet က ရိုက်တာသတင်းဌာနကို ပြောကြားထားသည်။ 

“သံသယဖြစ်ခံရတဲ့ သူတွေကို တရားဥပဒေအရ ခုခံခွင့်မရဘဲ ထိန်းသိမ်းထားတယ်။ ဒီအမှုကို တိုက်ရိုက်လိုက်ပေးမယ့် ရှေ့နေလည်း အခုထိ မရှိသေးဘူး” ဟု ၎င်းကဆိုသည်။

အဆိုပါ လူသတ်မှုနှင့် ပတ်သက်၍ ထိုင်းရဲတပ်ဖွဲ့က မြန်မာနိုင်ငံသား ခြောက်ဦးကို ခေါ်ယူစစ်ဆေးခဲ့သည့်အနက် မြန်မာသုံးဦးကို ရေနွေးပူလောင်းပြီး ရိုက်နှက်စစ်ဆေးခဲ့သည့် သတင်းအချက်အလက်များ ရရှိထားကြောင်း၊ ရိုက်နှက် ခံရမှုကြောင့် ထွက်ပြေးသည့် မြန်မာသုံးဦးအနှက် နှစ်ဦးကို လူသတ်တရားခံဟု ထိုင်းရဲတပ်ဖွဲ့က စွပ်စွဲထားကြောင်း Bangkok Post သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ မြန်မာသုံးဦး၏ ဓာတ်ပုံများကို ထိုင်းရဲတပ်ဖွဲ့က မြန်မာသံရုံးသို့ ပေးပို့ခဲ့ပြီး ယင်းအနက် နှစ်ဦးကို လူသတ်မှု၊ အဓမ္မကျင့်မှု၊ ဓားပြတိုက်မှု၊ တရားမဝင် အလုပ်လုပ်ကိုင်မှုတို့ဖြင့် စွဲချက်တင်ထားကြောင်း ယင်းသတင်းတွင် ဖော်ပြ သည်။

ထိုင်းနိုင်ငံ ဆူရတ်ဌာနီခရိုင်ရှိ လိပ်ကျွန်း (Koh Tao) တွင် ဗြိတိန်နိုင်ငံသားနှစ်ဦးကို မြန်မာအလုပ်သမား နှစ်ဦးက အဓမ္မပြုကျင့်ကာ သတ်ခဲ့ခြင်းဖြစ်ကြောင်း၊ အသတ်ခံရသည့် ဗြိတိန်အမျိုးသမီး၏ သက်သေခံပစ္စည်းမှ မျိုးရိုးဗီဇ (DNA) နှင့် အဆိုပါ မြန်မာနိုင်ငံသား အမျိုးသားနှစ်ဦး၏ DNA မှာ တူညီနေကြောင်း ထိုင်းရဲတပ်ဖွဲ့မှ ရဲချုပ် Somyot Pumpunmuang က အောက်တိုဘာလ ၃ ရက်နေ့တွင် မီဒီယာများကို ပြောဆိုခဲ့သည်။

The Voice Weekly

No comments:

Post a Comment

My Blog List