Tuesday, October 07, 2014

အစိုးရလုပ်ငန်း ၁၁ ခုအရှုံးပေါ်လျက်ရှိသော်လည်း မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်လာဟုဆို



အစိုးရလုပ်ငန်း ၁၁ ခုအထိ အရှုံးပေါ် နေသော်လည်း မြန်မာ့စီးပွားရေးတိုးတက်မှု ရှိသည်ဟု အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က အောက်တိုဘာ ၅ ရက်က ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မဇ္ဈိမကို ပြောသည်။
“အစိုးရသစ်လက်ထက်မှာ စီးပွားရေးတိုးတက်မှုရှိလာပါတယ်။ ငါးနှစ်အတွင်း ပျမ်းမျှ ဂျီဒီပီတိုးနှုန်းက ၈ ရာ ခိုင်နှုန်းအထိ ရှိနိုင်မယ်” ဟု ၎င်းက ပြောသည်။

ဦးသိန်းစိန်အစိုးရ တာဝန်ယူပြီး ၂၀၁၁- ၁၂ စုစုပေါင်း ပြည်တွင်းကုန်ထုတ်လုပ်မှု တန်ဖိုး ၆ ရာခိုင်နှုန်း အထိ တိုးတက်မှုရှိ မည်ဟု ခန့်မှန်းခဲ့ပြီး ၅ ဒသမ ၆ ရာခိုင်နှုန်း ရရှိခဲ့သည်။ ၂၀၁၂-၁၃ တွင် ၆ ဒသမ ၇ ရာခိုင်နှုန်း ခန့်မှန်းပြီး ၇ ဒသမ ၃၇ ရာခိုင် နှုန်းရရှိကာ ၂၀၁၃-၁၄ တွင် ၈ ဒသမ ၉ ရာခိုင်နှုန်းခန့်မှန်းပြီး ၈ ဒသမ ၇ ရာခိုင်နှုန်း အထိရရှိခဲ့သည်။ ကျန်ရှိသည့် ၂၀၁၄-၁၅ တွင် ၉ ဒသမ ၁ ရာခိုင်နှုန်းနှင့် ၂၀၁၅-၁၆ တွင် ၉ ဒသမ ၂ ရာခိုင်နှုန်းအထိ တိုးတက်ရရှိမည်ဟု အမျိုးသားစီမံ ကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနက ခန့်မှန်း ထားသည်။

ယင်းသို့ စုစုပေါင်းပြည်တွင်း ကုန်ထုတ်လုပ်မှုတန်ဖိုး မြင့်တက်လာသော်လည်း သစ်ဖတာ၊ လျှပ်စစ်၊ ရုပ်ရှင် လုပ်ငန်း၊ မွေးမြူရေး နှင့် ရေလုပ်ငန်း၊ စက်မှုလုပ်ငန်း၊ မြန်မာ့ မီးရထားလုပ်ငန်း၊ ကုန်းလမ်းပို့ဆောင်ရေး၊ ပို့ကုန်သွင်းကုန်လုပ်ငန်း၊ ကုန်သွယ်မှုဘဏ် နှင့် စီးပွားရေးဘဏ်လုပ်ငန်း၊ ပြည်တွင်း ရေကြောင်းပို့ဆောင် ရေးလုပ်ငန်းတို့မှာ ပြုပြင်ပြီး ခန်မှန်းတွက် ချက်ငွေ (RE) အရ အရှုံးပေါ်နေသည်။

“ဘဏ္ဍာအခွန်အောက်က စီးပွားရေးဘဏ် အရှုံးပေါ်တယ်ဆိုတာက RE အရ တွက်ထားလို့ပါ။ အမှန်တ ကယ် နောက်ဆုံး အချောဆိုရင်တော့ အမြတ်ထွက်နိုင်တဲ့ အခြေအနေရှိပါတယ်” ဟု ဘဏ္ဍာရေးဝန်ကြီး ဌာနမှ ဦးဝင်းရှိန်က ပြောသည်။

“အခြေခံလူတန်းစားတွေမှာ တစ်ဦးချင်း ၀င်ငွေတိုးတာ လုံးဝမရှိဘူး။ စီးပွားရေးမှာလည်း ယှဉ်ပြိုင်နိုင်မှုမရှိဘူး။ စီးပွားရေး ကို လူတစ်စုကပဲ လက်ဝါးကြီးအုပ်ထားတာတွေ ရှိနေတယ်။ သူတို့ရဲ့ဝင်ငွေတွေ တိုးလာတာကိုကြည့်ပြီး စီးပွားရေးတိုး တယ်ဆိုရင်တော့ မဖြစ်နိုင်ဘူး” ဟု စီးပွားရေးလေ့လာသုံးသပ်သူ ဦးသန်းစိုး (ဘောဂဗေဒ)က ပြောသည်။

ယခင်လူဦးရေ သန်း ၆၀ အပေါ် အခြေခံတွက်ချက်ထားသည်ကို သန်းခေါင် စာရင်းအပြီး ရရှိသည့် လူဦး ရေနှင့် နှိုင်းယှဉ် တွက်ချက်ခြင်းဖြစ်ပါက အစိုးရ၏တိုးတက်မှု ကိန်းဂဏန်းများသည် မှားယွင်းတွက်ချက် ခြင်းသာဖြစ်နိုင်သည်ဟု ၎င်းက ဆိုသည်။

ပြည်တွင်း အခွန်ကောက်ခံရငွေသည်လည်း ဂျီဒီပီ၏ ၆ ရာခိုင်နှုန်းပမာဏသာ ရရှိပြီး တစ်ဦးချင်းဝင်ငွေ သည် ၂၀၁၄-၁၅ တွင် အမေရိကန်ဒေါ်လာ ၁,၁၄၀မှ ၁,၁၈၀ ကြားတွင်သာ ရှိနေသေးသည်ဟု အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုး တက်မှု ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List