Tuesday, October 07, 2014

ဗြိတိန်နိုင်ငံသားနှစ်ဦးကိုသတ်မှုဖြင့် ဖမ်းဆီးခံထားရသည့် မြန်မာအလုပ် သမားနှစ်ဦးနှင့် မြန်မာသံရုံးကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံခွင့်ရ၊ ၎င်းတို့ထွက်ဆို ချက်နှင့် ရဲတပ်ဖွဲ့ထုတ်ပြန်ချက်ကြား ကွဲလွဲမှုများရှိနေဟု ဆို


ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်သည့် ဗြိတိန်နှစ်ဦး အသတ်ခံရမှုတွင် ကျူးလွန်သည်ဟု ဝန်ခံထားသည် ဟု ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ချက်အပေါ် သံသယရှိ၍ စွပ်စွဲခံထားရသည့် မြန်မာလုပ်သားများနှင့် မြန်မာ နိုင်ငံသံရုံးကိုယ် စားလှယ်အဖွဲ့တို့ အောက်တိုဘာ ၆ ရက်က တွေ့ဆုံခွင့်ရခဲ့ကြောင်း သတင်းရရှိသည်။

ဗြိတိန်နိုင်ငံသား ခရီးသွားစုံတွဲကို တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦးက သတ်သည်ဟု ဝန်ခံ ခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အပေါ် သံသယရှိခဲ့ပြီး ဖြစ်စဉ်အမှန်ပေါ်ပေါက်လာစေရန် မြန်မာ သံရုံးကိုယ်စားလှယ်အဖွဲ့မှ အောက်တိုဘာ ၆ ရက်တွင် ထိုသို့သွားရောက်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

လူသတ်မှု၊ မုဒိမ်းမှုတို့ဖြင့် ကော့စမွီအကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရသည့် မြန်မာရွှေ့ပြောင်းလုပ် သားနှစ်ဦးဖြစ်သည့် မောင်စောနှင့် မောင်ဝင်းတို့နှင့် တွေ့ဆုံရာတွင် ၎င်းတို့အနေဖြင့် ဗြိတိန်နိုင်ငံ သားနှစ်ဦးကို အရက်မူးမူးနှင့် သတ်ခဲ့မိကြောင်း ဝန်ခံခဲ့သော်လည်း ၎င်းတို့၏ ထွက်ဆိုချက်များနှင့် ထိုင်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များအကြား ကွဲလွဲမှုများစွာရှိနေကြောင်း သွားရောက်တွေ့ဆုံခဲ့သည့် မြန်မာသံရုံးရှေ့နေ ဦးအောင်မျိုးသန်းပြောကြား ချက်အရ သိရသည်။

ယင်းအပြင် ၎င်းတို့နှစ်ဦးနှင့်အတူ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာအလုပ် သမားတစ်ဦးဖြစ်သည့် မောင်မောင်ကလည်း ၎င်းအမှုတွင် တရားလိုပြသက်သေ အဖြစ် ထွက်ဆိုမည်ဖြစ်သဖြင့် မောင်မောင်နှင့် တွေ့ဆုံခွင့်ရရန် သံရုံးကိုယ်စား လှယ်အဖွဲ့က ကြိုးပမ်းခဲ့သော်လည်း တွေ့ဆုံခွင့်မရရှိသေးကြောင်း သိရသည်။

မြန်မာသံရုံးမှ အနီးကပ်စောင့်ကြည့်ရန် တာဝန်ပေးအပ်ထားသည့် ရှေ့နေ ဦးအောင်မျိုးသန်းက “ကော့ စမွီထောင်မှာ မောင်စော၊ မောင်ဝင်းတို့နဲ့ ဒီကနေ့တွေ့ခဲ့တယ်။ သူတို့ကတော့ ဒီကိစ္စကို အရက်မူးမူးနဲ့ ကျူးလွန်ခဲ့တယ်လို့ ကျွန်တော်တို့အဖွဲ့ကို ပြောခဲ့တယ်။ 

အခင်းဖြစ်နေရာမှာ စီးကရက်ကို တွေ့ခဲ့တယ်။ စီးကရက်ကနေ မောင်မောင်တို့ မောင်ဝင်းတို့ရဲ့ ဒီအန်အေ ကိုရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားတယ်။ ဒါပေမဲ့ တွေ့ဆုံရာမှာ သူတို့ပြောတာက အခင်းဖြစ်တဲ့နေ ရာမှာ သူတို့ဆေးလိပ်မသောက်ခဲ့ဖူး။ အခင်းဖြစ်တဲ့နေရာနဲ့ ကိုက် ၂၅ လောက်ကွာတဲ့ ဂစ်တာတီးတဲ့နေရာ မှာပဲ သောက်ခဲ့တယ်လို့ ပြောတယ်။ သူတို့ရဲ့ထွက်ဆိုချက်တွေကိုယူပြီး ရဲစခန်းကို သွားတယ်။ တရားလိုပြ သက်သေ မောင်မောင်နဲ့ တွေ့ခွင့်ရဖို့ ကြိုးစားပေမယ့် ရဲတပ်ဖွဲ့က တွေ့ခွင့်မပေးခဲ့ဘူး။ မြန်မာအစိုးရဘက် ကနေ တရားလိုပြသက်သေဖြစ်တဲ့ မောင်မောင်နဲ့ တွေ့ခွင့်ပေးဖို့ကို ကြိုးစားဖို့ ညွှန်ကြားတယ်။ သူတို့အနေ နဲ့လည်း ထိုင်းဘက်ကို မောင်မောင်နဲ့ တွေ့ခွင့်ပေးဖို့ ဖိအားပေးသွားမယ်လို့ပြောတယ်” ဟု The Daily Eleven သတင်းစာသို့ အောက်တိုဘာ ၆ ရက်က ပြောကြားသည်။

တွေ့ဆုံခဲ့ရာတွင်ပါဝင်သည့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်း အမှုဆောင်ဒါရိုက်တာ ဦးကျော်သောင်းကလည်း “သူတို့ရဲ့ထွက်ဆိုချက်အရ သူတို့က မူးမူးနဲ့လုပ်လိုက်မိတာလို့ ဝန်ခံတယ်။ သူတို့ဂစ်တာတီးနေတုန်း ဗြိတိန်နိုင်ငံသားအမျိုးသားက ကောင်မလေးကို အဓမ္မပြုကျင့်တာကို ကောင်မလေး ကအော်လို့ ကြားပြီး အမျိုးသားကို ပေါက်တူးအနှောင့်ဖက်နဲ့ နှစ်ချက်၊ သုံးချက် ထုလိုက်တယ်လို့ ပြောတယ်။ ဒါပေမဲ့ ရဲတပ်ဖွဲ့စစ်ဆေးချက်အရ မေးအောက်နဲ့ ပါးရိုးမှာက ချွန်ထက်တဲ့အရာနဲ့ ထိုးခံထားရတာဖြစ်တယ်။ နောက် သူတို့လုပ်မိတုန်းက သေမယ်လို့လည်း မထင်မိဘူးလို့ ပြောတယ်။ ဒါပေမဲ့ သူတို့ထွက်ဆိုချက်နဲ့ ရဲမှတ်တမ်းတွေအရတော့ ကွဲလွဲမှုတွေရှိနေတယ်” ဟု The Daily Eleven သတင်းစာသို့ အောက်တိုဘာ ၆ ရက်က ပြောကြားသည်။

လက်ရှိတွင် ဖမ်းဆီးခံ အလုပ်သမားနှစ်ဦးကို ရမန်ယူထားပြီး ထိုအမှုတွင် ကျူးလွန်သည်ဟု ဝန်ခံထားသည့် မြန်မာလုပ်သားများဘက်မှ ဆောင်ရွက်ပေးရန် မြန်မာသံရုံးကိုယ်စားလှယ်အဖွဲ့မှ ရှေ့နေပါဝါကို လွှဲယူခဲ့ပြီး အခင်းဖြစ်ပွားခဲ့သည့် ခိုထောင်ကျွန်း(လိပ်ကျွန်း)သို့ အောက်တိုဘာ ၇ ရက်(ယနေ့)တွင် ထပ်မံသွားရောက် မည်ဖြစ်ကြောင်း သိရသည်။

ဗြိတိန်နိုင်ငံသားစုံတွဲဖြစ်သည့် ဒေးဗစ်မီလာ(၂၄)နှစ်နှင့် ဟန်နာဝှစ်သာရစ်(၂၃) နှစ်တို့ကို တရားမဝင်ရွှေ့ ပြောင်းအလုပ်သမား နှစ်ဦးဖြစ်သည့် မောင်စော (၂၁)နှစ်နှင့် မောင်ဝင်း(၂၁)နှစ်တို့က သတ်ခဲ့သည်ဟု ဝန်ခံခဲ့သည့်အတွက် ထိုင်းရဲတပ်ဖွဲ့မှ အောက်တိုဘာ ၃ ရက်တွင် လူသတ်မှု၊ မုဒိမ်းမှုနှင့် တရားစွဲဆို လိုက်ခြင်း ဖြစ်သည်။ ထိုင်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အပေါ် ထိုင်းနိုင်ငံသားများ၊ နိုင်ငံခြားသားများနှင့် မြန်မာများက သံသယရှိခဲ့ကာ ယုံကြည်မှုမရှိကြောင်း ဝေဖန်မှုများ ပြုလုပ်ခဲ့သည်။

ထိုင်းနိုင်ငံ ရာဇဝတ်မှုဥပဒေအရ လူသတ်မှုအတွက် အမြင့်ဆုံးသေဒဏ်အထိ ချမှတ်နိုင်ပြီး မုဒိမ်းမှုအတွက် အနည်းဆုံး ထောင်ဒဏ် လေးနှစ်မှ နှစ် ၂ဝ အထိ ချမှတ်နိုင်ကြောင်း စုံစမ်းသိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List