Friday, October 10, 2014

ဗြိတိန်နိုင်ငံသားနှစ်ဦးကို သတ်မှုဖြင့် ထိုင်းတွင် စွပ်စွဲဖမ်းဆီးခံထားရသည့် မြန်မာနှစ်ဦးနှင့် ပတ်သက်၍ တရားမျှတစွာ ဥပဒေအရ အကာအကွယ်ပေးရန် ရန်ကုန်မြို့တွင် လမ်းလျှောက်ဆန္ဒပြ



ထိုင်းနိုင်ငံတောင်ပိုင်း၊ စူရတ်ဌာနီခရိုင်၊ ခိုထောင်ကျွန်း(လိပ်ကျွန်း) ၌ ဖြစ်ပွားခဲ့ သည့် ဗြိတိန်ခရီးသွားနှစ်ဦး အသတ်ခံရ သည့်အမှုတွင် မြန်မာနှစ်ဦးကို တရားခံဟု ထိုင်းရဲတပ်ဖွဲ့မှ စွပ်စွဲချက်အပေါ် တရားမျှတစွာ ပြန်လည်စစ်ဆေးပေးရန်နှင့် ဥပဒေအရ အကာအကွယ်ပေးရန် အောက်တိုဘာ ၉ ရက် ညနေပိုင်းက ရန်ကုန်မြို့တွင် လမ်းလျှောက်ဆန္ဒပြခဲ့သည်။
ဆန္ဒပြရာတွင် ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူ ၁၅ ဦးခန့်က မဟာဗန္ဓုလ ပန်းခြံတစ်ပတ် ဗီနိုင်းများ ကိုင်ဆောင်ကာ အသံတိတ် လမ်းလျှောက်ဆန္ဒပြခဲ့ ကြပြီး ဆူးလေစေတီတွင် ဆုတောင်းမှုပြုလုပ်ခဲ့ကြသည်။

၎င်းတို့ ကိုင်ဆောင်ထားသည့် ဗီနိုင်းများတွင် “မြန်မာသမ္မတနှင့် ထိုင်းဝန်ကြီးချုပ် တို့မှ ထိုင်းရောက်မြန်မာလုပ်သား များကို ဥပဒေအရ ကာကွယ်ပေးရန်” “စွပ်စွဲခံ မြန်မာနိုင်ငံသားနှစ်ဦးကို သံသယအကျိုးခံစားခွင့်ပေးရန်” “ထိုင်းဝန်ကြီး ချုပ်အား ကြိုဆိုပါ၏” စသည့် စာတန်းများ ရေးထိုးထားသည့် ဗီနိုင်းများကိုင်ဆောင်ပြီး လမ်းလျှောက်ဆန္ဒပြခဲ့ခြင်း ဖြစ် သည်။

ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေးကွန်ရက်မှ ကိုမြတ်ကျော်က “ကျွန်တော်တို့က ထိုင်းနိုင်ငံ ခိုထောင်ကျွန်း လူသတ်မှုမှာစွပ်စွဲ ခံထားရတဲ့ မြန်မာနိုင်ငံသားနှစ်ဦး အတွက် တရားမျှတစွာ ပြန်ပြီးအမှုကိုစစ်ပေးဖို့ မြန်မာနိုင်ငံသားတစ်ယောက် အနေနဲ့ တောင်းဆိုတာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ထိုင်းနိုင်ငံတောင်ပိုင်း၊ စူရတ်ဌာနီခရိုင်၊ ခိုထောင်ကျွန်း(လိပ်ကျွန်း)၌ ဖြစ်ပွားခဲ့သည့် ဗြိတိန်ခရီးသွားနှစ်ဦး အသတ်ခံရ သည့်အမှုတွင် မြန်မာရွှေ့ပြောင်းအလုပ် သမားနှစ်ဦးကို တရားခံဟု ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည့် အမှုတွဲကို တရားရုံးသို့ တရားစွဲဆိုတင်ပို့ရန် သက်သေအထောက်ထား မခိုင်လုံ၍ ထိုင်းဥပဒေအရာရှိက အောက်တိုဘာ ၈ ရက်က ဆိုင်းငံ့ထားသည်။ ထို့ပြင် အောက်တိုဘာ ၁ဝ ရက်(ယနေ့) နံနက်တွင်လည်း မဟာဗန္ဓုလပန်းခြံတွင် အဆိုပါကိစ္စအား ထပ်မံဆန္ဒပြသွားမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List