ကရင်ပြည်နယ် မြဝတီမြို့နယ်နှင့် မွန်ပြည်နယ် ကျိုက်မရော မြို့နယ်တို့တွင် DKBA နှင့် တပ်မတော်တို့ စက်တင်ဘာလ ၂၆ ရက်နေ့နှင့် ၂၇ ရက်နေ့တို့တွင် အပြန်အလှန် ပစ်ခတ်ခဲ့သည့် ကျေးရွာအနီးအနားရှိ စာသင်ကျောင်းများကို ခေတ္တပိတ်ထားရကြောင်း ကျိုက်မရော ဒေသခံများက ပြောကြားသည်။
စက်တင်ဘာလ ၂၆ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သည့် ကျိုက်မရောမြို့နယ် ကလိုင်းကနိုင် ကျေးရွာအုပ်စု၊ ကရင်တော အပေါ်ရွာရှိ ကလို့ထူးဘော တပ်ဖွဲ့မှ ဗိုလ်ကြီးစောဝင်းဇော် ဂိတ်ဘေးတွင် မူလတန်း စာသင်ကျောင်း ရှိနေပြီး ယင်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများကို ကျောင်းအနောက်ပေါက်မှ ပြန်လည်လွှတ်ခဲ့ရကြောင်း ကလိုင်းကနိုင် ကျေးရွာမှ ကျောင်းသားမိဘများက ဆိုသည်။
ကျိုက်မရောမြို့နယ်အတွင်းရှိ ရွှေဝါချောင်းကျေးရွာ၊ ကလိုင်းကနိုင် ကျေးရွာ၊ ကော့ဒူကျေးရွာ၊ ကရင်လှိုင်ကျေး ရွာ၊ ဗမာလှိုင်ကျေးရွာနှင့် အခြားနီးစပ်ရာ ကျေးရွာများမှ ကျေးရွာမူလတန်း စာသင်ကျောင်းနှင့် မူလတန်းလွန် စာသင်ကျောင်း ၁၀ ကျောင်းတို့ကို ပိတ်ထားရကြောင်း ကျိုက်မရောမြို့ခံ ဦးသားငယ်က ပြောဆိုသည်။
မြဝတီမြို့တွင်လည်း ပစ်ခတ်မှုများ ရှိခဲ့ခြင်းကြောင့် ကျောင်းသားများကို ကျောင်းပို့ရန်အတွက် မိဘများ စိတ်ပူနေရကြောင်းနှင့် စက်တင်ဘာလ လလယ်ပိုင်းတွင်လည်း မြဝတီမြို့တွင် မငြိမ်မသက်မှုများကြောင့် ကျောင်းသားများကို ပြန်ခေါ်ယူရန် မိဘများထံ ဆရာမများက ဖုန်းဖြင့် အကြောင်းကြားခဲ့ကြောင်း မြဝတီမြို့ အမှတ် (၅) ရပ်ကွက် အလယ်တန်းကျောင်းမှ ကျောင်းသားမိဘတစ်ဦးက ပြောကြားသည်။
ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်း ဗဟိုဌာနတွင် စက်တင်ဘာလ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့ထိ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော် မတီနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူစာချုပ် (စတုတ္ထမူကြမ်း) အတည်ပြုသည့်နေ့တွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် များအကြား အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကလိုင်းကနိုင် ကျေးရွာအုပ်စု၊ ကရင်တော အပေါ်ရွာရှိ ကလို့ထူးဘော စစ်ဗျူဟာတပ်ဖွဲ့မှ DKBA ဗိုလ်ကြီးစောဝင်းဇော် ဂိတ်တွင် စက်တင်ဘာလ ၂၆ ရက်နေ့က ယင်း DKBA နှင့် တပ်မတော် ခလရ (၂၀၈) တပ်တို့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ယင်းနေ့ မွန်းလွဲ ၃ နာရီ အချိန်တွင် နိတုံကျေးရွာရှိ ကျေးရွာ ချင်းဆက်လမ်းမှ တစ်ဆင့် အတ္တရံမြစ် တစ်ဖက်ကမ်း ကူးသွားပြီး ရွှေဝါချောင် ကျေးရွာဘက်သို့ ပြန်လည် ဆုတ်ခွာသွားရာ စက်တင်ဘာလ ၂၇ ရက်နေ့ နံနက် ၅ နာရီ အချိန်တွင် ရွှေဝါချောင်ကျေးရွာ အတွင်း ပစ်ခတ်မှုတစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်းနှင့် DKBA တပ်ဖွဲ့သည် ယင်းကျေးရွာတွင် ပိတ်မိနေပြီး စက်တင်ဘာလ ၂၈ ရက်နေ့တွင် ပစ်ခတ်မှုတစ်ကြိမ် ထမ်မံဖြစ်ပွားခဲ့ ကြောင်း ကျိုက်မရော ဒေသခံများက ပြောဆိုသည်။
ကျိုက်မရောမြို့ ရှင်စောပု (၁) ရပ်ကွက်တွင် နေထိုင်သည့် ကလို့ထူးဘောအဖွဲ့ စောဝင်းဇော် နေအိမ်နှင့် ၎င်း၏ ဖခင်ဖြစ်သူ ဦးချစ်လွင် နေအိမ်တွင် မူးယစ်ဆေးဝါးနှင့် ဖောက်ခွဲဖျက်ဆီးရေးပစ္စည်းများ ရောက်ရှိနေ သည်ဟုဆိုကာ မော်လမြိုင် ခရိုင်ရဲတပ်ဖွဲ့ဝင်၊ ကျိုက်မရောမြို့ ခမရ (၂၀၈) တပ်ဖွဲ့ဝင်နှင့် စရဖ (ရတခ) တို့က စက်တင်ဘာလ ၂၀ ရက်နေ့ ည ၇ နာရီအချိန်က အင်အားသုံး ဝင်ရောက်ရှာဖွေမှု ပြုလုပ်ခဲ့ပြီးနောက်တိုက်ပွဲ
ဖြစ်ခဲ့ခြင်း ဖြစ်သည်ဟုလည်း ဒေသခံများက ပြောဆိုကြသည်။
ကျိုက်မရော ရှင်စောပု (၁) ရပ်ကွက်တွင် နေထိုင်သည့် DKBA ဗိုလ်ကြီးစောဝင်းဇော်၏ ညီဖြစ်သူ နှစ်ဦးကို စက်တင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် တပ်မတော်များက ဖမ်းဆီးသွားခြင်းကြောင့် ဒေသခံများက စိုးရိမ်နေကြောင်း ကျိုက်မရော မြို့သူမြို့သားများက ပြောကြားသည်။
မြဝတီမြို့တွင် စက်တင်ဘာလ ၂၆ ရက်နေ့က တပ်မတော် စစ်ယာဉ်တန်းကို DKBA တပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့မှုကြောင့် လုံခြုံရေး တိုးမြှင့်ထားပြီး မြို့တွင်းသို့ ဝင်ရောက်လာသည့် ခရီးသည်တင် ကားများနှင့် ကားကြီး ကားငယ်များကို ကြပ်မတ်စစ်ဆေးလျက် ရှိသည်။
The Voice Weekly
No comments:
Post a Comment