လာမည့် ရွေးကောက် ပွဲများတွင် အချိုးကျကိုယ်စားပြု စနစ် (ပီအာရ်)ကျင့်သုံးရန် ပြည်သူ့လွှတ်တော်သို့ အဆိုတင်သွင်းခဲ့၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင်ကို ပုဇွန်တောင် မဲဆန္ဒရှင်များက စက်တင်ဘာ ၂၈ ရက်တွင် ကန့်ကွက်ဆန္ဒပြခဲ့ကြောင်း သတင်းရရှိသည်။
ဆန္ဒပြကန့်ကွက်သူများက ဦးအောင်ဇင်နှင့် ပီအာရ်စနစ်ကို အလိုမရှိကြောင်း ကြွေးကြော်ခဲ့ပြီး ပုဇွန်တောင် မြို့နယ် အနှံ့ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ဦးအောင်ဇင်ကမူ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးအတွက် ပိုမိုကောင်းမွန်သည့် ရွေးကောက်ပွဲစနစ် တစ်ခု ပေါ်ထွန်းလာစေရန် ကြိုးစားခဲ့ခြင်းသာဖြစ်ပြီး ၎င်းအား ဆန္ဒထုတ်ဖော်သည့် ကိစ္စသည် လူတိုင်း လွတ်လပ်စွာ ပြောရေးဆိုခွင့်ရှိသည့်အတွက် မည်သည့်မှတ်ချက်မှ မပေးလိုကြောင်း စက်တင်ဘာ ၂၇ရက်က ပြောသည်။
မြန်မာ့လွှတ်တော်နိုင်ငံရေး သက်တမ်းတစ်လျှောက်လုံးတွင် တစ်ကြိမ်မှ ထည့်သွင်းစဉ်းစားခဲ့ဖူးခြင်းမရှိသည့် ရွေးကောက်ပွဲပုံစံကို ပြန်လည်သုံးသပ်ရန်၊ ပိုမိုကောင်း မွန်သည့် စနစ်ထွက်ပေါ်ရန် ဆွေး နွေးခြင်းဖြစ်ပြီး မည်သည့်ကာလ တွင် စနစ်သစ်ကျင့်သုံးရမည်ကို ပြောကြားခဲ့ခြင်းမရှိဟု ၎င်းက ပြောသည်။
‘‘အဆိုမှာကိုက ဘယ်နေ့၊ ဘယ်ရက်၊ ဘယ်နှစ်မှာလုပ်ရမယ် လို့ မပါဘူးလေ။ မြန်မာနိုင်ငံနဲ့ လိုက်လျော ညီထွေဖြစ်မယ့် ရွေး ကောက်ပွဲစနစ်တစ်ခုပေါ်ပေါက် ရေးအတွက်ဆိုပြီးတော့ပဲ ပါတာ လေ’’ဟု ဦးအောင်ဇင်က ပြော သည်။
ဆန္ဒပြသူများက ဦးအောင် ဇင်သည် ၎င်း၏ မဲဆန္ဒရှင်များဖြစ် သည့် ပုဇွန်တောင်မြို့ခံများကို ဆွေးနွေးခြင်း မရှိဘဲ မဲဆန္ဒရှင်များ ကို သစ္စာဖောက်ခဲ့ကြောင်း စွပ်စွဲ ခဲ့ကြသည်။
‘‘အခုအချိန်မှာကျတော့ ဖွတ်ထွက်မှ တောင်ပို့မှန်းသိသလို ကျွန်တော်တို့ ပြည်သူတွေကို သစ္စာဖောက်ပြီး တော့ တစ်ဖက်က စစ် အာဏာရှင်တွေ အလိုကျပြည်သူ တွေကို အကျိုးမဲ့စေတဲ့အဆိုကို တင်သွင်းတယ်’’ဟု ဆန္ဒပြပွဲခေါင်း ဆောင်တစ်ဦးဖြစ်သူ ဦးကျော်က ပြောကြားသည်။
ပိုမိုကောင်းမွန်သည့် ရွေး ကောက်ပွဲစနစ်သစ် ဖြစ်ပေါ်ရန် လွှတ်တော်အတွင်း အကြိတ်အ နယ်ဆွေးနွေးနေ ဆဲဖြစ်ပြီး မည် သည့်စနစ်ကျင့်သုံးမည်ကို ဆုံး ဖြတ်ချက်မချရသေး၍ ဆန္ဒပြသူများအား ရှင်းပြဖို့ အခက်အခဲ ရှိကြောင်း ရွေးကောက်ပွဲစနစ်သစ်၏ ကောင်းကျိုး၊ ဆိုးကျိုးများကို ပုဇွန်တောင် မဲဆန္ဒရှင်များသာ မက တစ်နိုင်ငံလုံးမှ ပြည်သူများ အား လွှတ်တော်တွင် တင်ပြခဲ့စဉ် ရှင်းရှင်းလင်းလင်း အသိပေးခဲ့ ကြောင်း ဦးအောင်ဇင်က ၎င်းအ ပေါ်စွပ်စွဲချက်များကို တုံ့ပြန်ခဲ့ သည်။
ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦး အောင်ဇင်သည် ဇူလိုင် ၂၄ ရက်က ကျင်းပ ခဲ့သည့် ပြည်သူ့လွှတ် တော်အစည်းအဝေး၌ မြန်မာ နိုင်ငံနှင့် လိုက်လျောညီထွေမှုရှိ မည့် ပြည်သူ့ လွှတ်တော်အတွက် ရွေးကောက်ပွဲကျင်းပမည့် စနစ် တစ်ခုကို ဖော်ဆောင်ကျင့်သုံးနိုင်ရန် တိုက်တွန်း ကြောင်း အဆိုတင် ပြခဲ့ခြင်း ဖြစ်သည်။
7Day News Journal
No comments:
Post a Comment