Monday, September 29, 2014

လ.န (၃၉) မကျဘဲ သိမ်းထားသော မြေများ ပြန်ပေးရပါက ဆူပူမှုများ ဖြစ်နိုင်ကြောင်း ဦးခင်ရွှေပြော


လ.န(၃၉) မကျဘဲ သိမ်းထားသော မြေများကို လယ်သမားများအား ပြန်ပေး၍ လယ်လုပ် ခိုင်းရမည် ဟူ သောအသိအား လယ်သမားများ၏ ခေါင်းထဲ ထည့်ပေးပါက ဆူပူမှုများ ဖြစ်လာနိုင်ကြောင်း မြန်မာနိုင်ငံ၏ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်ရွှေ က ပြောသည်။

လ.န (၃၉) မှ မရှိလို့ ရှိရင် ရှိသမျှ မြေတွေ အကုန်လုံးဟာ လယ်သမားပိုင်တယ်။အဲတော့ အိမ်စောင့်အစိုးရ လက်ထက်ကလုပ်ခဲ့တဲ့ သာကေတတို့၊ သုဝဏ္ဏတို့က ဒီနေ့အထိ လ.န (၃၉) မထွက်သေးဘူး။ မထွက်သေး လို့ အဲဒါတွေ အကုန်လုံးကို လယ်မြေလို့ သတ်မှတ်လိုက်ရင် အဲဒီလူတွေ အကုန်လုံးဟာ ပြန်ပြောင်းပေး ရမယ့် သဘော ဖြစ်သွားတယ်။ 

လ .န (၃၉) က ကျတာလည်း ရှိတယ်။ ပျောက်တာလည်း ရှိတယ်။ ပန်းလှိုင် ဂေါက်ကွင်း မကျသေးဘူး ဟု ဦးခင်ရွှေက ပြောသည်။

၂၀၁၂ ခုနှစ်ထွက် ရှိသော လယ်ယာမြေ ဥပဒေအရ လ.န (၃၉) အား ဖောဖောသီသီပေး လာခဲ့ကြောင်း၊ ယခင်က ဆိုလျှင် တိုင်းတစ်တိုင်းတွင် ခြောက်ဧကထက် ပို၍ ခွင့်မပြု ခဲ့ကြောင်း၊ယခုအခါ ဧကသောင်းနှင့် ချီ၍ပေးလာကြောင်း၊မြေဆိုသည်မှာ အစိုးရကသာ ပိုင်ဆိုင်ကြောင်း၊ ယခင် တပ်မတော် အစိုးရ၏ သတိရှိရှိ လုပ်ဆောင်ခဲ့ ခြင်းကြောင့် ရန်ကုန်မြို့ ပတ်ဝန်းကျင်တွင် အိမ်ရာ စီမံကိန်းများ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ကြောင်း၊ လ.န (၃၉) မကျသော မြေများအား လယ်လုပ်ခွင့်ပေးရမည် ဆိုခြင်းသည် လွန်ကဲသော စကားဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ဦးခင်ရွှေ နှင့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်း စစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင် ဦးအောင်သိန်းလင်းတို့ လွှတ်တော်အတွင်း အငြင်းပွားမှု ဖြစ်ပွားခဲ့သည်။

ဥပဒေအရ လ.န(၃၉) မကျဘဲနဲ့ သိမ်းထားရင် ဥပဒေမဲ့ သိမ်းတာပဲ။ ပန်းလှိုင် ဂေါက်ကွင်းတို့နောက် ကိုယ်ကျိုး စီးပွားအတွက် သိမ်းထားတဲ့ မြေတွေရှိတယ်။ ဥပဒေရှိရင် ဥပဒေ အတိုင်း လိုက်နာရမှာပေါ့။ အဆောက်အဦ ဆောက်ပြီးတာတွေ ပြန်ဖျက်ရင် ဆောက်တဲ့လူ နစ်နာတယ်။ မှန်တယ်၊ သို့သော် မြေသိမ်းတဲ့ အခါ ကာလပေါက်ဈေးနဲ့ ညီမျှတဲ့ လျော်ကြေးပေးရမယ်။ ဘာမှ မဆောက်ရသေးရင်  ဥပဒေ အရ ပြန်ပေးရမှာပဲ ဟု လယ်ယာမြေ နှင့် အခြားမြေများ သိမ်းဆည်းခံမှု စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင် ဦးအောင်သိန်းလင်းက The Messenger Media သို့ ပြောသည်။

လယ်ယာမြေ ပြဿနာများ ဖြေရှင်းရာတွင် အခြေခံ အဆင့်မှ တိုင်းဒေသကြီး၊ ပြည်နယ် အဆင့်ရှိ မြေအသုံးချမှု စီမံခန့်ခွဲရေး ကော်မတီများ သည် တာဝန်ယူမှု၊ တာဝန်ခံမှု မရှိကြောင်း လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်း စစ်ဆေးရေး ကော်မရှင်က ပြည်ထောင်စု လွှတ်တော် သို့ စက်တင်ဘာလ (၂၂) ရက်နေ့က တင်ပြခဲ့သည်။

လ.န(၃၉) ဆိုသည်မှာ လယ်ယာမြေများအား တခြားမြေ အဖြစ် အသုံးချခွင့်ပြုသော ပုဒ်မဖြစ်ပြီး ၂၀၁၂ ခုနှစ်  လယ်ယာမြေ ဥပဒေတွင် ဖော်ပြပါ ရှိသည်။ ရန်ကုန်မြို့တွင် လ.န(၃၉) မကျဘဲ သိမ်းယူ ထားသော နေရာများမှာ ပန်းလှိုင် ဂေါက်ကွင်း (၆၅၂) ဧက၊ မင်္ဂလာဒုံ မြို့နယ်တွင်  ဧက (၈၀၀)ကျော်၊ လှိုင်သာယာ တွင်  ဧက (၃၀၀၀) ကျော်၊ သန်လျင်တွင် ဧက (၃၀၀) ကျော် ရှိကြောင်း လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်း စစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင် ဦးအောင်သိန်းလင်းက ပြောသည်။ 

လွှတ်တော်သို့ တင်ပြသော လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်
၏ အစီရင်ခံကို ဦးခင်ရွှေက ကန့်ကွက်ခဲ့ သော်လည်း ပြည်ထောင်စု လွှတ်တော်သည် အတည်ပြုခဲ့သည်။

Messenger News Journal

No comments:

Post a Comment

My Blog List