အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့သည် မြန်မာပြည်၏ နှစ် ၆ဝ ကျော်ကြာ ပြည်တွင်းစစ်ကို ရပ်စဲနိုင်မည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ရေးဆွဲရာတွင် ကွဲလွဲချက်အချို့ ကျန်နေ၍ စာချုပ်မူကြမ်းကို လာမည့်စက်တင်ဘာလအတွင်း ထပ်မံညှိနှိုင်းရန် နှစ်ဖက်သဘောတူညီခဲ့ကြသည်။
UPWC နှင့် NCCT တို့သည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်း ညှိနှိုင်းမှုဆွေးနွေးပွဲကို ဩဂုတ် ၁၅ ရက်မှ ၁၇ ရက်အထိ သုံးရက်ကြာပြုလုပ်ခဲ့ရာ ညှိနှိုင်းရန် အချက်အနည်းငယ်သာ ကျန်ရှိတော့သည်ဟု နှစ်ဖက် ကိုယ်စားလှယ်များက ပြောကြားသည်။
UPWC ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက “ဒီအစည်းအဝေးမှာ ကျွန်တော်တို့လွန်ခဲ့တဲ့ အစည်းအဝေး က ကျန်ခဲ့တဲ့ အချက်တွေကို တော်တော်များများ ဖြေရှင်းနိုင်ခဲ့ပါတယ်။ အချက်အချို့ပဲ အနည်းငယ်ကျန်တာကို တွေ့ရှိ ရပါတယ်။ ဒီအချက်တွေကိုလည်း လာမယ့်စက်တင်ဘာလ လဆန်းမှာပြုလုပ်မယ့် အစည်းအဝေးမှာ ကျွန်တော်တို့အားလုံး ဆုံးဖြတ်နိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်နေပါတယ်။ အကယ်၍သာ အဲဒီမှာ ဆုံးဖြတ်နိုင်ရင်တော့ လက်မှတ်ရေးထိုး မယ့်ရက်ကိုလည်း သတ်မှတ်သွားနိုင်မှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။
အစိုးရဘက်မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အဓိကထား တင်ပြသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် ရေးမူကို လက်ခံလိုက်သည့် ဆွေးနွေးပွဲ ပထမရက် အောင်မြင်မှုအပေါ် အခြေခံပြီး ယခုဆွေးနွေးပွဲတွင် ယခင်ညှိနှိုင်းရန် ကျန်သည့် အချက်များအားလုံး နားလည်မှုရရှိနိုင်မည်ဟု မျှော်လင့်ခဲ့သော်လည်း ဆွေးနွေးရန် အနည်းငယ် ကျန်နေသေး ဟု NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက ဆိုသည်။
နိုင်ဟံသာက “ကျွန်တော်တို့ ကျန်နေတဲ့အချက်ကတော့ ဒီကြားကာလမှာ ဘယ်လိုနေရာချထားမလဲ၊ ဘယ်လိုနေထိုင်မလဲ ကိစ္စတစ်ခုရယ် နောက်နိုင်ငံရေး ဆွေးနွေးပွဲမှာ အစုဘယ်နှစုနဲ့ ပါဝင်တက်ရောက်ပြီးတော့မှ ဆွေးနွေးသွားမလဲဆိုတဲ့ ကိစ္စရယ် နောက်ဒီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ဘယ်နှဖွဲ့ကနေ ဘယ်လိုဘယ်သူတွေက ပါဝင်လက်မှတ်
ရေးထိုးမလဲဆိုတဲ့ အပိုင်းလောက်ပဲ ကျန်ပါတယ်။ ကျန်တာအားလုံး ပြေလည်ပါတယ်” ဟု ရှင်းပြသည်။
အပစ်ရပ် မူကြမ်းစာချုပ်ကို အချောသပ်နိုင်ရန်အတွက် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား အကျေ အလည် ဆွေးနွေးရမည့် အဓိကအချက်များ ကျန်ရှိနေသေးကြောင်း သိရသည်။
NCCT မှ ပဒိုစောကွယ်ထူးဝင်းက “အခုကျွန်တော်တို့ အနှစ် ၆ဝ ကျော် ဖြစ်ပွားလာတဲ့ ကမ္ဘာမှာ အရှည်ဆုံးဖြစ်တဲ့ ပြည်တွင်းစစ်ရပ်ဆိုင်းနိုင်မယ့် အလားအလာ ပိုမိုပြီးတော့ အားကောင်းလာတယ်လို့ ပြောလို့ရပါတယ်။ နောက်တစ်ခေါက် မှာတော့ လက်မှတ်ရေးထိုးနိုင်မယ့် အဆင့်တော့ ရောက်နိုင်မယ်လို့ ကျွန်တော်ယုံကြည်တယ်” ဟု ပြောကြားသည်။
UPWC အလုပ်အဖွဲ့မှ ဦးလှမောင်ရွှေကလည်း UPWC နှင့် NCCT တို့အကြား စက်တင်ဘာဆွေးနွေးပွဲမတိုင်မီ နှစ်ဖက် အကြား နည်းပညာအထောက် အကူပြုအဖွဲ့ အစည်းအဝေး အကြိမ်များစွာ ပြုလုပ်ညှိနှိုင်းသွားရန် သဘောတူညီ ထားကြောင်းနှင့် အောက်တိုဘာလကုန်ပိုင်းတွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန်မှာ ၉၅ ရာခိုင်နှုန်းခန့် သေချာနေပြီဖြစ်ကြောင်း ခန့်မှန်းပြောကြားသည်။
Eleven Media Group
No comments:
Post a Comment