အမျိုးသားသွေးလှူဘဏ်၌ သွေးလာရောက် လှူဒါန်းသူများတွင် ကူးစက်ရောဂါပိုး သိသာစွာ လျော့ကျသွားသည်ဟု ဆိုသော်လည်း ဘီပိုး၊ စီပိုးကဲ့သို့သော ရောဂါပိုးတွေ့ရှိမှုနှုန်းမှာ များနေဆဲဖြစ်ကြောင်း သိရသည်။“အိတ်ခ်ျအိုင်ဗွီထက် စာရင် ဘီပိုးက ထိပ်မှာရောက်တော့မယ့်သဘောမှာ ရှိနေတယ်။
အိတ်ခ်ျအိုင်ဗွီနဲ့ ကာလသားရောဂါက ဘာကြောင့်ကူးလဲဆိုတာ ကာယကံရှင်ကိုယ်တိုင်က သိနေတဲ့အတွက် ပညာပေးလုပ်ငန်းတွေ နှစ်သိမ့်ဆွေးနွေးမှု လုပ်ငန်းတွေလုပ်ရတာ အဆင်ပြေပေမယ့် ဘီပိုးနဲ့စီပိုးကျတော့ ဘယ်အချိန်မှာ ဘယ်လိုကူးသွားမှန်းကို မသိလိုက်တာဆိုတော့ ဘယ်လိုအခြေအနေမျိုးကို လုပ်ရမလဲဆိုတော့ ပညာပေးဖို့ အားနည်းနေတာပေါ့”ဟု အမျိုးသားသွေးဌာနမှ ဌာနမှူး ဒေါက်တာသီတာအောင်က ဆိုသည်။ ဘီပိုးနှင့်စီပိုးသည် ကူးစက် လွယ်ရောဂါ အမျိုးအစားများဖြစ်ပြီး သွေး၊ ချွေးနှင့် ခန္ဓာကိုယ်မှ ထွက်ရှိသည့် အရည်တစ်ခုခုနှင့် ထိတွေ့လျှင်ပင် ကူးစက်နိုင်သည့်အတွက် လာရောက်လှူဒါန်းသည့် သွေးများတွင် ပိုးတွေ့ရှိရမှုနှုန်းမှာ များပြားနေဆဲဖြစ်ကြောင်းနှင့် လက်ရှိမြန်မာနိုင်ငံတွင် လူဆယ်ဦးတွင် တစ်ဦးနှုန်း အသည်းရောင်အသားဝါ ဘီပိုးကူးစက်ခံနေရကြောင်း သုတေသန စာတမ်းများအရ သိရသည်။
အသည်းရောင်အသားဝါ ဘီပိုးသည် အိတ်ခ်ျအိုင်ဗွီပိုးနှင့် ကူးစက်ခံရမှုပုံစံခြင်း တူညီသော်လည်း ကူးစက်ခံရနိုင်မှုမှာ အိတ်ခ်ျအိုင်ဗွီထက် အသည်းရောင်အသားဝါဘီပိုး ကူးစက်ခံရမှုမှာ အဆ ၅၀ ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသည်။ ထို့ပြင် ပိုမိုသန့်စင် စိတ်ချရသည့် သွေးရရှိရေးအတွက် သွေးလှူရှင်များအနေဖြင့် သွေးလှူဒါန်းရာတွင် အရေးပေါ် သွေးလိုအပ်မှ လာရောက်လှူဒါန်းခြင်းထက် သွေးလှူဒါန်းနိုင်သည့်နေရာများ၊ သွေးလှူဘဏ်များတွင် ပုံမှန်အတိုင်း စနစ်တကျ စစ်ဆေးမှုခံယူပြီးမှ သွေးလှူဒါန်းမှုကို ပြုလုပ်သင့်ကြောင်းလည်း ဆေးပညာရှင်များက အကြံပြုထားသည်။
အမျိုးသားသွေးဌာနတွင် ၂၀၀၃ ခုနှစ်မှ စတင်ကာ သွေးလာရောက် လှူဒါန်းသူများအား သွေးမလှူဒါန်းမီ ကျန်းမာရေး ဆိုင်ရာ အချက်အလက်များ ပါဝင်သည့် မေးခွန်းလွှာများ ဖြေစေခြင်း၊ ပညာပေးအစီအစဉ်များ တိုးမြှင့်လုပ်ဆောင် ခဲ့ခြင်းတို့ကြောင့် အိတ်ခ်ျအိုင်ဗွီပိုး တွေ့ရှိရမှုနှုန်းမှာ သိသိသာသာ လျော့နည်းသွားခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် သွေးလာရောက် လှူ ဒါန်းသူများတွင် အိတ်ခ်ျအိုင်ဗွီ၊ ကာလသားရောဂါနှင့် ဘီပိုး၊ စီပိုးကို တွေ့ရှိရပါက နောက်တစ်ကြိမ် ၎င်းတို့ လာရောက်လှူဒါန်းပါက နှစ်သိမ့်ဆွေးနွေးမှုများကို ဆောင်ရွက်ပေးကြောင်းနှင့် ခြောက်လတစ်ခါ ကျန်းမာရေးစစ်ဆေးမှုများကိုပါ ဆောင်ရွက်ပေးကြောင်း သိရသည်။
Eleven Media Group
No comments:
Post a Comment