Wednesday, August 20, 2014

UNFC ညီလာခံ သြဂုတ်လ နောက်ဆုံးပတ်တွင် ကျင်းပမည်


တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၁၂ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ညီလာခံကို ယခုလ (သြဂုတ်) နောက်ဆုံးပတ်အတွင်း ကျင်းပသွားမည် ဖြစ်ကြောင်း UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ပြောကြားသည်။ 

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့(NCCT) နှင့် အရပ်ဖက် လူငယ်အဖွဲ့အစည်း နှစ်ဆယ်ကျော်တို့ သြဂုတ်လ ၁၉ ရက်နေ့က ရန်ကုန်မြို့ Green Hill ဟိုတယ်တွင် တွေ့ဆုံမှုအပြီး သတင်း မီဒီယာများနှင့် တွေ့ဆုံစဉ် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

သြဂုတ်လ နောက်ဆုံးပတ်အတွင်း ညီလာခံ ကျင်းပရန် ပြင်ဆင်နေဆဲ ဖြစ်သောကြောင့် ကျင်းပမည့် နေရာအတိအကျကိုမူ ပြောကြားနိုင်ခြင်း မရှိသေးကြောင်း နိုင်ဟံသာက ဆိုသည်။ 

“UNFC ကိုပုံမှန် သုံးနှစ်တစ်ကြိမ် ညီလာခံလုပ်ဖို့ အစီအစဉ် ရှိတယ်။ အဲဒီ သုံးနှစ်တစ်ကြိမ် ညီလာခံလုပ်ဖို့ ပြင်ဆင်နေတယ်။ အဓိကကတော့ ညီလာခံဆိုတာ အဖွဲ့ဝင် အဖွဲ့အစည်းတွေ ကိုယ်စားလှယ်တွေပါ ညီလာခံအပြီးမှာ အခြေအနေတွေကို နည်းနည်း ညှိနှိုင်းတိုင်ပင် အကြံဉာဏ်ယူတဲ့ သဘောပါပဲ။ သူတို့ကို ဖလှယ်တဲ့ သဘောအနေနဲ့ ဖိတ်ထားတာ ရှိပါတယ်” ဟု နိုင်ဟံသာက ရှင်းပြသည်။ 

ညီလာခံ တက်ရောက်ရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးနီးပါးနှင့် ဆက်စပ်နေ သည့် နိုင်ငံရေး အင်အားစု များကိုလည်း ဖိတ်ကြားသွားမည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောဆိုသည်။ 

UNFC အဖွဲ့ဝင် အများစု ပါဝင်သည့် အဆိုပါ NCCT အဖွဲ့မှာ ယခုလ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ အစိုးရနှင့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး စာချုပ် အပြီးသတ်ရန် ဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး ယင်းစာချုပ်ကို စက်တင်ဘာလအတွင်း အပြီးသတ် ရေးဆွဲရန် သဘောတူခဲ့သည်။

သြဂုတ် လ၁၈ ရက်နေ့တွင် NCCT အဖွဲ့၊ အစိုးရ၊ နိုင်ငံရေးပါတီများ ပါဝင်သော သုံးပွင့်ဆိုင် နိုင်ငံရေး ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။ 

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကို ကရင်အမျိုးသား အစည်းအရုံး KNU၊ KIO၊ KIA ကရင်နီအမျိုးသား တိုးတက်ရေးပါတီ၊ ရှမ်းပြည် တိုးတက်ရေးပါတီ၊ ပအိုဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်၊ ရခိုင် အမျိုးသားကောင်စီ၊ မွန်ပြည်သစ်ပါတီ၊ လာဟူး ဒီမိုကရက်တစ်သမဂ္ဂ၊ ဝအမျိုးသားအဖွဲ့ချုပ် စသည့် အဖွဲ့ ၁၂ ဖွဲ့ဖြင့် ၂၀၁၁ ခုနှစ်က ပြန်လည် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

My Blog List