Friday, August 22, 2014

မြန်မာနိုင်ငံက E-Visa ထုတ်ပေးတော့မည်


မြန်မာပြည်ကို လာရောက်မယ် နိုင်ငံတကာက ဧည့်သည်တွေကို စက်တင်ဘာလကနေ စတင်ပြီး အွန်လိုင်း ကနေတဆင့် ဗီဇာလျှောက်ထားခွင့် ပြုတော့မှာကြောင့် လာမယ့် ခရီးသွားရာသီမှာ နိုင်ငံခြား ဧည့်သည်တွေ အရင်ကထက် ပိုမိုဝင်ရောက် လာနိုင်ကြောင်း ခရီးသွား ကုမ္ပဏီတွေနဲ့ ဧည့်လမ်းညွှန်တွေက ခန့်မှန်းကြ ပါတယ်။ တချိန်တည်းမှာတော့ ပိုမိုများပြားလာမယ့် ဧည့်သည်တွေအတွက် တည်းခိုဖို့ နေရာထိုင်ခင်း၊ သွားလာရေးနဲ့ စားသောက်ရေးအတွက် အခက်အခဲဖြစ်မှာကို စိုးရိမ်နေကြပါတယ်။ 


စက်တင်ဘာလ ၁ရက်နေ့ကစတင်ပြီး နိုင်ငံတကာ ဧည့်သည်တွေကို အွန်လိုင်းက တဆင့် E Visa လျှောက်ထားနိုင်ကြာင်းကို လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ၀န်ကြီးဌာနက တရားဝင် ကြေညာချက် ထုတ်ပြန်ထားပါတယ်။ ဒီလို လျှောက်ထား ရာမှာ လျှောက်ထားမှုကို လက်ခံ၊ မခံကို တနာရီ အတွင်း အကြောင်းပြန်ကြား မှာဖြစ်သလို ပြည်ဝင်ခွင့် ပြု၊ မပြုကို ရုံးဖွင့်ရက် ၅ရက်အတွင်း အကြောင်းပြန်မှာ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

အွန်လိုင်းက တဆင့် E Visa လျှောက်ထားတဲ့ စနစ်ကို ကျင့်သုံးလိုက်မယ်ဆိုရင် ခရီးသွားလုပ်ငန်း အတွက် အကျိုးရှိနိုင်ပြီး နိုင်ငံတကာ ခရီးသည်တွေ ပိုမိုဝင်ရောက် လာနိုင်မယ်လို့ ခရီးသွားလုပ်ငန်း ကုမ္ပဏီတွေက ခန့်မှန်းကြပါတယ်။

" Visa ဟာ နိုင်ငံထဲကို ဝင်လာဖို့ အဓိက အရေးကြီးဆုံးပဲ။ သူမပါရင် ဘာမှ လုပ်လို့မရဘူး။ ပိုက်ဆံ ဘယ်လောက်ပဲ ရှိရှိ။ ခရီးစဉ်တွေ ဘယ်လောက်ပဲ ကောင်းကောင်း။ Visa က ပိုပြီးလွယ်ကူသွားတယ်ဆိုရင် ဧည့်သည်တွေက Visa ကြောင့် Delay ဖြစ်နေတယ်လို့ ယူဆရတဲ့ Booking တွေက Confirm ဖြစ်သွား မှာပေါ့။ အလုပ်ရှုပ်သက်သာသွားတယ်ဆိုရင် ဧည့်သည်တွေ ပိုလာမှာပေါ့။"

Green Explorer ခရီးသွားကုမ္ပဏီက မဗစ်ကီ ပြောဆိုတာဖြစ်ပါတယ်။

တဆက်တည်းမှာပဲ တိုးများလာမယ့် ခရီးသည်တွေ အတွက် နေထိုင်ရေးအတွက် အဆင်သင့် မရှိမှာနဲ့ အိမ်နီးနားခြင်းနိုင်ငံတွေနဲ့ ဈေးနှုန်းခြင်း မယှဉ်ပြိုင်နိုင်မှာ ကိုတော့ စိုးရိမ်ကြောင်းပြောပါတယ်။

ခရီးသွား ဧည့်လမ်းညွှန် တဦးဖြစ်တဲ့ ဦးစိုးရီကတော့ သူ့အမြင်ကို အခုလို ပြောပါတယ်။

" အခုဆိုလို့ရှိရင် ကျနော်တို့က Visa on Arrival က ပြောလို့သာ သူတို့ပြောတာ။ တကယ်တမ်း လုပ်တဲ့ အခါမှာ ခက်တယ်ဗျ။ ခက်တဲ့အခါကျတော့ အခုလို အွန်လိုင်းကနေ လုပ်မယ်ဆိုရင် သူတို့ ဖြစ်ဖြစ် မြောက်မြောက် လုပ်မယ်ဆိုရင် မြန်မြန်ဆန်ဆန်ပိုပြီးတော့ လာပြီးတော့ များများစားစား ဝင်လာလိမ့်မယ်လို့ ကျနော်ထင်တာပဲ။"

ခရီးသည်တွေ တိုးများလာမယ်ဆိုရင် လိုအပ်နိုင်တဲ့ အချက်တွေကို ဦးစိုးရီက အခုလို သုံးသပ်ပြောဆို ပါတယ်။

"ဟိုတယ်က အရမ်းကောင်းကောင်းချည်း မဟုတ်ဘူး။ 3 Stars ကနေ 2 Stars လောက် အထိဟာတွေ များများ ရှိရမယ်ဗျ။ ဝင်ပြီဆိုတာနဲ့ အရမ်း အဆင့်မြင့်တဲ့သူတွေ လာမှာ မဟုတ်ဘူး။ ကျနော်ထင်တယ်။ FIT( Foreign Independent Tour)လို တိုးရစ်တွေက ပိုပြီးဝင်လာကြမှာပဲလေ။ ဈေးသက်တောင့် သက်သာနဲ့ပေါ့။ ပထမ တချက် အဲ့လို အဆင့်မနိမ့်၊ မမြင့် ဟိုတယ်များများ ရှိရမယ်။ နံပတ် ၂ ကားလမ်း၊ ရထားလမ်း ပိုပြီးတော့ ချောချောမွေ့မွေ့နဲ့ဆိုရင် ပိုပြီးတော့ အဆင်ပြေမယ်။ အဲ့ဒီ့ဟာတွေက ကျနော်တို့ဆီမှာ အဆင်သင့်မဖြစ်သေးဘူး။ စားသောက်ဆိုင်လည်း ကျနော်တို့ ထပ်ပြီးတော့ လိုတယ်ဗျ။

စားသောက်ဆိုင်ဆို တရုတ်ဆိုင်လောက်ပဲ ကောင်းကောင်းရှိတယ်။ ကျန်တဲ့ဟာ ဗမာစာ ကျွေးမယ်ဆို လို့ရှိရင်လည်း ရန်ကုန်မှာ ဆိုလို့ရှိရင် Green Elephant တို့လို ပဒုမ္မာ တို့လို ဒီလောက်ပဲ ရှိတယ်ဗျ။ ကျန်တဲ့ဟာ များများစားစား မရှိသေးဘူး။ ကောင်းကောင်း မွန်မွန် သန့်သန့်ရှင်းရှင်းလည်း လိုသေးတယ်။ ကျနော်တို့ ဆီမှာ တော်တော်များများ လိုပါသေးတယ်။"

အထူးသဖြင့် ကုလသမဂ္ဂပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့(UNESCO)က ကမ္ဘာ့ အမွေအနှစ်မြို့ကြီးတွေ အဖြစ် စာရင်းသွင်းလိုက်တဲ့ ရှေးဟောင်းပျုမြို့ ၃မြို့နေရာမှာ အဓိက လိုအပ်နိုင်မယ်လို့လည်း ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးက ဟိုတယ်နဲ့ ခရီးသွားလာရေးလုပ်ငန်း ညွှန်ကြားရေးမှုး ဦးအုံးမြင့်ကတော့ တိုးမြှင့် လာမယ့် ခရီးသည်တွေ အတွက် ပြင်ဆင်ဆောင်ရွက် ထားတယ်လို့ ပြောပါတယ်။

"ကျနော်တို့ ပြင်ဆင်ထားပါတယ်။ ဒီဧည့်သည်တွေ တဖြေးဖြေး တိုးတက်လာမယ်ဆိုရင် ဒီအခန်းတွေ လုံလောက်ဖို့တွေ၊ စားဖို့ သောက်ဖို့တွေ ဒီစားသောက်ဆိုင်တွေ၊ သွားဖို့ လာဖို့တွေ ကျနော်တို့ အကုန်လုံး စီစဉ်ထားပါတယ်။ အချိန်နဲ့တပြေးညီ ဖြစ်သွားမှာပါ။ တိုးလာတာနဲ့အမျှ ကျနော်တို့ကလည်း ဒါကို ကြိုစား ပြီးတော့ လုပ်နေပါတယ်။ ကျနော်တို့ ရင်းနှီးမြုပ်နှံမယ့်သူတွေ အဲ့ဒီ့ဘက်တွေကို ရင်းနှီးမြုပ်နှံမယ့်ဟာတွေ လုပ်ဖို့အတွက် စီစဉ်နေကြပါတယ်။ စဉ်းစားနေကြပါတယ်။ အဆင်ပြေသွားမှာပါ။ ဟုတ်ကဲ့။ အဆင်ပြေ သွားမှာပါ။ "

မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်လာ တဲ့နောက်မှာ နိုင်ငံတကာ ခရီးသည် ဝင်ရောက်မှု ဟာ နှစ်စဉ် တိုးတက်လာနေပြီး ၂၀၁၃ခုနှစ်မှာ ခရီးသည် ၂ဒသမ ၄သန်း ၀င်ရောက် ခဲ့ပါတယ်။ဒီနှစ်အတွင်းမှာ ခရီးသည် ၃သန်း ဝင်ရောက်ဖို့ ဟိုတယ်နဲ့ ခရီးသွားဝန်ကြီးဌာနက မျှော်မှန်း ထားပြီး ပြီးခဲ့တဲ့ ဇန်န၀ါရီလကနေ ဇူလိုင်လအထိ ၁. ၆သန်း လာရောက်ခဲ့ပြီးဖြစ်ပါတယ်။

VOA

No comments:

Post a Comment

My Blog List