Friday, August 22, 2014

MH17 ပျက်ကျမှုမှ ပထမအသုတ် ရုပ်အလောင်း(၂၀) မလေးရှားသို့ ပြန်လည်ရောက်ရှိ



MH17 လေယာဉ် ပျက်ကျမှုတွင် သေဆုံးခဲ့သည့် မလေးရှား နိုင်ငံသားများအနက် ပထမအသုတ်အဖြစ် လူ(၂၀)၏ အလောင်းများ မိခင်နိုင်ငံသို့ ပြန်လည် ရောက်ရှိလာပြီး မလေးရှား အစိုးရက ထိုနေ့ကို နိုင်ငံလုံးဆိုင်ရာ ပူဆွေးဝမ်းနည်းမှု နေ့တစ်နေ့အဖြစ် သတ်မှတ် ကြေညာခဲ့သည်။
မလေးရှား လေကြောင်းလိုင်းပိုင် MH17 လေယာဉ်သည် ဇူလိုင်(၁၇)ရက်က ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် ပျံသန်းနေ စဉ် ဒုံးကျည်ဖြင့် မှားယွင်းပစ်ချခံရသည်ဟု ယူဆရသော အခြေအနေကြောင့် ပျက်ကျခဲ့ပြီး လိုက်ပါသွားသူ (၂၉၈)ဦး စလုံး အသက်ဆုံးရှုံးခဲ့သည်။ မလေးရှား နိုင်ငံသား (၂၀)တို့၏ ရုပ်အလောင်းများကို တင်ဆောင်လာသော လေယာဉ်သည် အမ်စတာဒမ်မှ စတင်ထွက်ခွာလာပြီး ဩဂုတ်(၂၂)ရက် နံနက်ပိုင်းတွင် ကွာလာလမ်ပူရှိ နိုင်ငံတကာ လေဆိပ်သို့ ဆိုက်ရောက်လာခဲ့သည်။

လေယာဉ်ပေါ်မှ ခေါင်းတလားများကို စစ်မှုထမ်းများက တလေးတစား လက်ခံသယ်ယူခဲ့ပြီး တစ်နိုင်ငံလုံးတွင်လည်း ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် နိုင်ငံတော်အလံများကို တိုင်တစ်ဝက် လွှင့်ထူထားသည်။ ထို့အပြင် MH17 ပျက်ကျမှုကြောင့် သေဆုံးခဲ့သူများအတွက် တစ်မိနစ်ကြာ ငြိမ်သက်ပြီး ဝမ်းနည်းကြောင်း သင်္ကေတ ပြသမှုကိုလည်း စီစဉ်ထားခဲ့သည်။

Boeing 777 အမျိုးအစား လေယာဉ်သည် ယူကရိန်း သူပုန်များက အစိုးရ စစ်ဘက်လေယာဉ်တစ်စီးဟု အထင်မှားကာ ပစ်ချခံရခြင်းဟု ယူဆရသော အခြေအနေကြောင့် ပျက်ကျခဲ့ခြင်း ဖြစ်သည်။ ယူကရိန်း သူပုန်များက ယင်းစွပ်စွဲချက်ကို ငြင်းဆန်ထားပြီး လေယာဉ်ပျက်ကျမှု အကြောင်းရင်းကို အခိုင်အမာ မဖော်ထုတ်နိုင်သေးချေ။

ကွာလာလမ်ပူ နိုင်ငံတကာ လေဆိပ်သို့ ဆိုက်ရောက်လာချိန်တွင် အလောင်းသယ်လာသည့် ခေါင်းတလားအားလုံးကို မလေးရှားအလံများ လွှမ်းခြုံပေးထားသည်ကို တွေ့ရသည်။ အလောင်း(၂၀)အနက် (၃)လောင်းကို နယ်သာလန်တွင် မီးသင်္ဂြိုဟ်ခဲ့ပြီး အရိုးပြာများကိုသာ ပြန်လည် သယ်ဆောင်လာခြင်း ဖြစ်သည်။ ရုပ်အလောင်း အားလုံးကို သက်ဆိုင်ရာ မိဘဆွေမျိုးများထံ ပေးအပ်ပြီး ဈာပနအတွက် ပြင်ဆင်ခွင့် ပေးသွားမည်ဟု ဆိုသည်။

မလေးရှား အစိုးရသည် ဩဂုတ်(၂၁)ရက်နေ့တွင် အဆိုပါ ရုပ်အလောင်းများ မည်သူမည်ဝါ ဖြစ်သည်ကို ကြိုတင်ကြေညာထားခဲ့ပြီး လေယာဉ်အမှုထမ်း (၉)ဦးနှင့် ခရီးသည် (၁၁)ဦးတို့ ဖြစ်ကြောင်း သိရှိရသည်။


7Day News Journal

No comments:

Post a Comment

My Blog List