Thursday, August 21, 2014

အီဘိုလာသံသယလူနာတွေ့၊ လူထုကြားစိုးရိမ်မှုမြင့်




ဝေဘာဂီကူးစက်ဆေးရုံတွင် အီဘိုလာသံသယရှိလူနာ ရောက်ရှိလာပြီးနောက် မြန်မာ ပြည်တွင်းသို့ အီဘိုလာ ရောဂါပိုး ရောက်ရှိလာ ပြီဟုဆိုကာ ပြည်သူများအကြား စိုးရိမ်မှု များ မြင့်တက်နေ ကြောင်း သတင်း ရရှိသည်။
အီဘိုလာရော ဂါ စတင်ဖြစ်ပွားခဲ့သည့် အာဖရိက နိုင်ငံများဖြစ် သော ဂီနီနိုင်ငံနှင့် လိုက်ဘေး ရီးယားနိုင်ငံများတွင် အလုပ်လုပ်ကိုင်ပြီး ပြန်ရောက်လာသည့် မြန်မာနိုင်ငံသား ငါးဦးအနက် တစ်ဦးမှာ အပူချိန်မြင့်မားနေသ ဖြင့် သံသယဖြင့် စစ်ဆေးနေ ခြင်းဖြစ်သည်။

၎င်းတို့သည် မြန်မာနိုင်ငံသို့ ပြန်လာရာတွင် ထိုင်းနိုင်ငံမှတစ် ဆင့် MAI လေကြောင်းလိုင်း ဖြင့် ပြန်လာသော အမျိုးသား ငါးဦးသည် ဩဂုတ် ၁၉ ရက် ညက မြန်မာနိုင်ငံသို့ ရောက်ရှိ လာခဲ့သည်။

၎င်းတို့ထဲမှ အသက်(၂၂)နှစ်အရွယ် အမျိုးသားတစ်ဦးသည် အပူချိန်များနေခြင်း၊ ကိုယ်လက်မအီမသာဖြစ်နေသည့် ရောဂါ ဖြစ်နေခြင်းကြောင့် လေဆိပ်ရှိ ကျန်းမာရေး စောင့်ကြည့်ဌာနက စစ်ဆေးရာ မသင်္ကာသဖြင့် မြောက်ဥက္ကလာပမြို့နယ်ရှိ ဝေဘာဂီကူးစက်ဆေးရုံသို့ ပို့ဆောင်ထားသည်။

ဝေဘာဂီ ကူးစက်ဆေးရုံ တွင် စစ်ဆေးကုသနေသောသူ များသည် ကူးစက်မြန်အီဘိုလာ ရောဂါရှိ၊ မရှိ မသိရသေးသော် လည်း အိန္ဒိယနိုင်ငံရှိ ကမ္ဘာ့ကျန်း မာရေးအဖွဲ့ဓာတ်ခွဲခန်းသို့ ပေး ပို့စစ်ဆေးနေစဉ် သာမန်ပြည်သူ များကြား စိုးရိမ်မှု မြင့်တက်နေ ခြင်းဖြစ်သည်။

‘‘ရပ်ကွက်ထဲက သူတွေက အီဘိုလာရောဂါ မြန်မာပြည် ရောက်နေတယ်လို့ ပြောနေကြ တယ်။ ဒီရောဂါအကြောင်းဘာမှ မသိပေမယ့် ဖြစ်ရင်သေတယ်၊ မြန်တယ်လို့ကြားတယ်။ ဘယ်လို ကာကွယ်ရမှာလဲမသိဘူး။ ဟုတ် တယ်ဆိုရင်လည်း အစိုးရက သတင်းထုတ်ပြန်သင့်တယ်။ ဓာတ်ပုံကြည့်တာ အဲဒီထဲက တစ် ယောက်က ဝှီးချဲနဲ့ဆေးရုံလာတာ’’ ဟု မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီကူးစက်ဆေးရုံအနီးတွင် နေထိုင်သော အသက်(၄၀)အရွယ် ဦးစိုးသိန်းက ပြောသည်။

ဝေဘာဂီ ကူးစက်ဆေးရုံ တွင် စစ်ဆေးကုသနေသူများနှင့် ပတ်သက်ပြီး နိုင်ငံပိုင်ရုပ်သံလိုင်း က ဩဂုတ် ၂၀ ရက်တွင် အကြိမ် ကြိမ်ထုတ်လွှင့်ကြေညာခဲ့သည်။

အသက်(၂၂) နှစ်အရွယ် အီဘိုလာဟု သံသယရှိသူ အမျိုး သား၏သွေးကို အိန္ဒိယနိုင်ငံ၊ ပူးနေမြို့ရှိ ဗိုင်းရပ်စ်ဗေဒ ဓာတ်ခွဲ ခန်း WHO သို့ပို့ဆောင်ထားပြီး အီဘိုလာရောဂါဟုတ်၊ မဟုတ်သိရှိရန် သီတင်းတစ်ပတ်ကြာစောင့်ဆိုင်းရ မည်ဖြစ်ကြောင်း နိုင်ငံပိုင်ရုပ်သံလိုင်းက ကြေညာခဲ့သည်။

‘‘ဒီနေ့ မနက် ၈ နာရီခွဲ သတင်းကတည်းက ကြေညာနေတာ။ အတည်မပြုသေးပေမယ့် အခုလူတွေက တော်တော် လန့်နေ ကြပြီ။ ဒီလောက်ကြေညာနေရင် တကယ်ဖြစ်နေလောက်ပြီ ထင်တယ်’’ဟု လှည်းတန်း၊ (၆)လမ်း တွင်နေထိုင်သော ကိုဉာဏ်ဉာဏ် က ပြောသည်။

ကျန်းမာရေးဝန်ကြီးဌာန ဘက်ကမူ လူထုအကြား ကောလာဟလဖြင့် ထိတ်လန့်ကြမည် စိုး၍ အဆိုပါသတင်းကို အကြိမ် ကြိမ်ထုတ်လွှင့်နေခြင်းဖြစ်သည်။

‘‘တစ်ယောက်က နေမကောင်းဘဲ ကိုယ်လက်မအီမသာဖြစ်နေတဲ့ အတွက်ကြောင့် စစ်ဆေးနေတယ်။ သူနဲ့ပါလာတဲ့ လေးယောက်ကိုလည်း စစ်ဆေးမှုတွေ ပြုလုပ်နေတယ်။ သွေးကို ဖောက်ထုတ်ပြီး WHO ကိုပို့ထား တယ်။ သူတို့ဆီက ပြန်လာမယ့် အဖြေက အနည်းဆုံးသုံး၊ လေး ရက်ကြာမယ်။ သွေးဖောက်စစ်ပြီး လေဆိပ်ကိုပို့ထားတယ်။ သက် ဆိုင်ရာတွေက လာယူပြီးစစ်ဆေး မှာပါ’’ဟု ဝေဘာဂီကူးစက်ဆေး ရုံအုပ် ဒေါက်တာသန်းသန်းဌေး က ပြောသည်။

အပူချိန်များ၍ စစ်ဆေးရန် လိုအပ်သော အသက်(၂၂)နှစ် အရွယ် အမျိုးသားတစ်ဦးကို သီးသန့်ထားရှိကာ ၎င်းအားကိုင် တွယ်၍ အတူပါလာသော ကျန်အမျိုးသား လေးဦးကိုလည်း သီးသန့်ထားသည်ဟု ဆိုသည်။

ဩဂုတ်လ ၁၉ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေ ဆိပ်၌ ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူး စက်ရောဂါတိုက်ဖျက်ရေးဌာနမှ တာဝန်ရှိသူများက ဆိုက်ရောက် လာကြသော ခရီးသည်များကို ရောဂါ စောင့်ကြပ်ကြည့် ရှုခြင်း လုပ်ငန်းများ ဆောင်ရွက်နေ သည်။

‘‘ကျွန်မတို့ လေယာဉ်ကို လည်း ဆေးဖျန်းတာတွေ၊ စစ် ဆေးတာတွေ ပြုလုပ်ပြီးပါပြီ။ အခုတော့ သာမန်အတိုင်း ပြေးဆွဲ ခွင့်ပြုထားပါတယ်’’ ဟု မြန်မာ့ လေကြောင်းလိုင်း (MAI)မှ ဈေးကွက်ဖြန့်ချိရေးမန်နေဂျာ ဒေါ်အေးမရသာက ပြောသည်။

‘‘လေဆိပ်ရောက်တော့ ပါလာတဲ့သူ တစ်ယောက်က အပူ ချိန်တွေများနေတာ၊ မေးကြည့် တော့ အာဖရိကနိုင်ငံမှာ အလုပ် လုပ်လာတာဆိုတော့ ဆေးရုံကို တန်းပို့လိုက်တာ’’ ဟု ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်လေကြောင်းလိုင်း ရဲတပ်ဖွဲ့မှ ရဲအုပ်အေးမြင့်ဝင်းက 7Day Daily အားပြောကြားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ၏ ကြေညာချက်အရ ယခုနှစ်အတွင်း အီဘိုလာကြောင့် သေဆုံးသူအရေအတွက်သည် ၁,၂၉၉ ဦးအထိ ရှိနေပြီဟု BBC သတင်းဌာနက ကြေညာထား သည်။ ထို့အပြင် ဩဂုတ် ၁၄ မှ ၁၆ ရက်အထိ သုံးရက်အတွင်း လိုက်ဘေးရီးယား၊ ဆီယာရာလီ ယွန်၊ ဂီနီနှင့် နိုင်ဂျီးရီးယားတို့ တွင် အီဘိုလာကြောင့် လူ ၈၄ ဦးအထိ အသက်ဆုံးရှုံးခဲ့သည်။ အနောက်အာဖရိကတွင် ကူးစက် နေသည့် အီဘိုလာရောဂါသည် သမိုင်းတစ်လျှောက် အီဘိုလာ ကပ်ဘေးများတွင် သေနှုန်းအမြင့် ဆုံးဖြစ်သည်။ အဆိုပါရောဂါကို ကုသနိုင်သည့် ဆေးဝါးမျိုးမရှိ သေးကြောင်း အဆိုပါသတင်း ဌာနက ဖော်ပြထားသည်။

7Day Daily

No comments:

Post a Comment

My Blog List