Tuesday, August 19, 2014

ကြားဖြတ်အစိုးရတင်မြှောက်ကြောင်း သဘောထားထုတ်ပြန်ခြင်းအတွက် MDCF ကိုထင်ကျော်နှင့် ကိုနောင်နောင်တို့အား ကျောက်တံတားတရားရုံး၌ ဒုတိယအကြိမ် ရုံးထုတ်


ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားဒီမိုကရေစီအင်အားစုများအား ကြားဖြတ်အစိုးရအဖြစ် တင်မြှောက်သည်ဟု MDCF အဖွဲ့မှ သဘောထားကြေညာချက်ထုတ်ပြန်ခဲ့မှုနှင့် ပတ်သက်၍ အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်နှင့် အဖွဲ့ဝင် ကိုနောင်နောင်တို့အား ကျောက်တံတားမြို့နယ် တရားရုံးက ပုဒ်မ ၅ဝ၅(ခ)ဖြင့် တရားစွဲဆိုခဲ့ပြီး ဩဂုတ် ၁၈ ရက် နံနက်ပိုင်းတွင် ဒုတိယအကြိမ်အဖြစ် ရုံးထုတ် စစ်ဆေးခဲ့ကာ လိုပြတစ်ဦးသာ စစ်ဆေးခဲ့ကြောင်း သိရသည်။

၂ဝ၁၄ ခုနှစ် ဇူလိုင် ၇ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဆူးလေဘုရားအနီး မြို့တော်ခန်းမရှေ့တွင် MDCF အဖွဲ့ဝင် ၃ဝ ကျော်က လက်ရှိအစိုးရအား အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် နှင့် ဒီမိုကရေစီအင်အားစုများအား ကြားဖြတ်အစိုးရအဖြစ် တင်မြှောက်ကြောင်း သဘောထားကြေညာချက် ထုတ်ပြန်ခဲ့ကြောင်းသိရ သည်။ 

ထိုသို့ ထုတ်ပြန်ခဲ့မှုကြောင့် အဖွဲ့ဝင် ကိုနောင်နောင်ကို ဇူလိုင် ၈ ရက်တွင် ဖမ်းဆီးခဲ့ပြီး ဩဂုတ် ၄ ရက်တွင် Bi မွန်းတည့်နေဂျာနယ်မှ သတင်းထောက်များနှင့်အတူ ပန်းဘဲတန်းမြို့နယ်တရားရုံးတွင် စတင်ရုံးထုတ်ခဲ့ သည်။ ယင်းသို့ ရုံးထုတ်နေစဉ်အတွင်း ကျောက်တံတားမြို့နယ်တရားရုံးသို့ ၎င်းအားလွှဲပြောင်းခဲ့ကြောင်း သတင်းရရှိသည်။ 

ယင်းအပြင် သဘောထားကြေညာချက် ထုတ်ပြန်ရာတွင် ကိုထင်ကျော်ကိုလည်း ပူးပေါင်းကြံစည်သည်ဟု ဆိုကာ ကိုနောင်နောင် နှင့်အတူ ကျောက်တံတားမြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။

“အဖွဲ့အနေနဲ့ သဘောထားကြေညာနေချိန်တုန်းက ကျွန်တော်က တခြားအမှုရင်ဆိုင်နေရတာကြောင့် အင်းစိန်ထောင်ထဲမှာပါ။ ထုတ်ပြန်ချက်ကိစ္စနဲ့ ပတ်သက်လို့ ကတော့ အဖွဲ့ခေါင်းဆောင်အနေနဲ့ ကျွန်တော် အပြည့်အဝ တာဝန်ယူတယ်။ ကျောက်တံတားတရားရုံးက ကျွန်တော့်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု အပြင် ပုဒ်မ ၃၄ ထပ်ပြီး ကပ်လိုက်ပါတယ်။ ပူးပေါင်းကြံစည်မှုပေါ့။ နောင်နောင်ကိုတော့ ပုဒ်မ ၅ဝ၅(ခ) နဲ့ပဲ တရားစွဲဆိုထားတာပါ။ ပြီးတော့ ကျွန်တော့်ရဲ့ အရင် ၅ဝ၅(ခ)နဲ့ ထောင်ကျထားတဲ့အမှုတွေကို တစ်ပေါင်း တည်းကျခံစေဖို့ တင်ဖြစ်၊ မတင်ဖြစ် မသေချာသေးဘူး။ ကျွန်တော့်အနေနဲ့ ထောင်ကျခြင်းထက် ပြည်သူတွေ ရဲ့အခက်အခဲတွေ၊ လိုအပ်နေတဲ့အရာတွေကိုပဲ အစိုးရကိုထောက်ပြသွားမှာပါ” ဟု ကျောက်တံတားမြို့နယ် တရားရုံး ရုံးချိန်းအပြီး၌ ကိုထင်ကျော်က ပြောကြားသည်။ 

ယင်းအပြင် ကိုနောင်နောင်ကို ယခင်က ပုဒ်မ ၅(ဃ)၊ ၅(ည)တို့ဖြင့် တရားစွဲဆိုခဲ့ရာမှ နိုင်ငံတော်အကြည် ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ)ဖြင့် ပြောင်းလဲတရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အတူ ကိုထင်ကျော်ကိုလည်း ကျောက်တံတားမြို့နယ်တရားရုံးက ပုဒ်မ ၅ဝ၅ (ခ) /၃၄ ဖြင့် တရားစွဲဆို ထားကြောင်းလည်း သိရသည်။

Eleven Media Group 

No comments:

Post a Comment

My Blog List