လန်ဒန်ရှိ အီကွေဒေါ သံရုံးတွင် (၂)နှစ်ကြာ ခိုလှုံနေရာမှ မကြာမီ ထွက်ခွာတော့ မည်ဟု Wikileaks ဝက်ဘ်ဆိုက် ထူထောင်သူ ဂျူလီယန် အက်ဆန်းက ကြေညာလိုက်သည်။ သတင်းထောက်များနှင့် တွေ့ဆုံရာ၌ အက်ဆန်းက မိမိသည် နိုင်ငံရေး ခိုလှုံခွင့် တောင်းခံထားရာ သံရုံးမှ မကြာမီ ကျောခိုင်းစွန့်ခွာတော့မည်ဟု အတည်ပြု ပြောကြားခဲ့သော်လည်း ယင်းဆုံးဖြတ်ချက်၏ အကြောင်းရင်းကို ဖော်ထုတ်ခဲ့ခြင်း မရှိချေ။ ၎င်းက ဗြိတိန်ရှိ သတင်းမီဒီယာများ ဖော်ပြနေသည့် အကြောင်းရင်းမျိုးဖြင့် သံရုံးကို စွန့်ခွာခြင်း မဟုတ်ဟု ငြင်းဆန်ခဲ့သည်။
ဗြိတိန်မီဒီယာ အချို့တို့က အက်ဆန်းသည် ကျန်းမာရေး ချို့တဲ့နေပြီး ကုသမှုများ ခံယူရန် လိုအပ်နေကြောင်း ဖော်ပြခဲ့ သည်။ အီကွေဒေါ နိုင်ငံခြားရေး ဝန်ကြီး ရီကာဒို ပါတီနိုက အီကွေဒေါ နိုင်ငံသည် အက်ဆန်းကို ဆက်လက် အကာ အကွယ်ပေး ရပ်တည်ရန် ကမ်းလှမ်းခဲ့သေးကြောင်း ပြောကြားခဲ့သည်။
အသက်(၄၃)နှစ်ရှိ အက်ဆန်းသည် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စွဲချက်တစ်ခုဖြင့် ဆွီဒင် တရားရေးဌာန၏ အလိုရှိခြင်းကို ကြုံနေရသည်။ ၎င်းက အဆိုပါ စွဲချက်ကို ငြင်းဆန်ပြီး (၂၀၁၂)ခုနှစ်၊ ဇွန်လကတည်းက အီကွေဒေါ သံရုံးတွင် ခိုလှုံနေ ခဲ့ခြင်း ဖြစ်သည်။ အီကွေဒေါ အစိုးရက (၂၀၁၂)ခုနှစ်၊ ဩဂုတ်လတွင် နိုင်ငံရေး ခိုလှုံခွင့် ပေးအပ်ခဲ့သော်လည်း အက်ဆန်း သည် လန်ဒန်ရှိ သံရုံးတွင်သာ ရှိနေခဲ့သည်။
ဗြိတိန်မီဒီယာများက ဩစတြေးလျ နိုင်ငံသား အက်ဆန်းသည် နှလုံးဝေဒနာ တစ်ရပ် ခံစားနေရပြီး အဆုပ် နာတာရှည် ရောဂါလည်း စွဲကပ်နေကြောင်း သုံးသပ် ရေးသားခဲ့သည်။ အက်ဆန်း တည်ထောင်သည့် Wikileaks ဝက်ဘ်ဆိုက်သည် အမေရိကန် အစိုးရ၏ စစ်ရေးနှင့် ထောက်လှမ်းရေးဆိုင်ရာ သတင်းအချက်အလက် အမြောက်အမြားကို ပေါက်ကြားစေ ခဲ့သောကြောင့် ကမ္ဘာသိ အောင်မြင် ထင်ရှားလာခဲ့သည်။
Ref: BBC
7Day News Journal
No comments:
Post a Comment