Friday, August 22, 2014

သခွားစေ့ကိစ္စကြောင့် ခွင့်ပြုမိန့်မရှိပဲ ဆေးရောင်းချနေသည့်ဆိုင်များကို ပုသိမ်စခန်းက အရေးယူတော့မည်


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ခွင့်ပြုချက်မရှိဘဲ အိမ်သုံးဆေးဝါးများ ရောင်းချနေသည့် ဆိုင်များကို  ရဲတပ်ဖွဲ့ကသတိပေးလိုက်ပြီးနောက် ဆက်လက် ရောင်းချနေပါက လာမည့်နှစ်ပါတ်အတွင်း အရေးယူသွား မည်ဟု ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့မှ သိရှိရသည်။

“သခွားစေ့ လို့ခေါ်နေတဲ့ Dextro-Cuogh ချောင်းဆိုးပျောက်ဆေးလို အိမ်သုံးဆေးကို မူးယစ်ဆေး အဖြစ် ကျောင်းသားလူငယ်ထုထဲမှာပြန့်ပြီး အလွဲသုံးနေကြတယ်။ တိုင်းပြည်မှာ တတ်သိပညာရှင်တွေ လိုအပ် နေချိန်မှာ တိုင်းပြည်ရဲ့အညွန့်အဖူးတွေဖြစ်တဲ့ လူငယ်တွေကို မူးယစ်ဆေးသားကောင် မဖြစ်စေချင်ဘူး။ အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ပြည်သူကို ဗဟိုပြုပြီး ပြည်သူနဲ့ပူးပေါင်းပြီး ဆောင်ရွက်သွားမှာပါ”ဟု ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့မှုး ရဲမှူးဦးကျော်စိုးက ပြောသည်။

တက္ကသိုလ်နှင့် အခြေခံပညာကျောင်းသားများအကြား သုံးစွဲမှုများပြားလာသည့် အဆိုပါဆေးများကိုရောင်း ချခြင်းမပြုရန် ပုသိမ်မြို့ရှိ ကွမ်းယာဆိုင်ဖွင့်လှစ် ရောင်းချနေသူများကို သြဂုတ်လ(၁၅)ရက်နေ့မှစတင်၍ ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မှ ပညာပေးဟောပြောခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ပြီး သြဂုတ်လကုန်မှစ၍ စီမံချက် အဖြစ် စနစ်တကျ စုံစမ်းရှာဖွေ၍ အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့မှ သိရသည်။

ထိုင်းနိုင်ငံမှတင်သွင်းပြီး မြန်မာနိုင်ငံ၌ တရားဝင်မှတ်ပုံတင်ဖြင့် ဖြန့်ဖြူးနေသော အိမ်သုံးဆေးတစ်မျိုးဖြစ် သည့် Dextro Tablet သည် တီဘီ၊HIV၊ နမိုးနီးယား(အဆုတ်ယောင်ရောဂါ)နှင့် အဆုတ်ကင်ဆာ ဝေဒနာရှင်များကို တိုက်ကျွေးသည့် ဆေးဖြစ်ပြီး အလုံးရေ များစွာသောက်သုံးပါက အာရုံကြောများနှင့် ကျောက်ကပ် ထိခိုက်ပျက်စီး နိုင်ကြောင်း ပုသိမ်မြို့မှအထွေထွေရောဂါကု ဆရာဝန်တစ်ဦး ထံမှ သိရသည်။

 “တက္ကသိုလ်အဆင့်မှာ အနည်းငယ်သုံးစွဲတာတွေ့ရတယ်။ အဓိကသုံးနေတာ ကတော့ အထက်တန်း ကျောင်းသား တွေပေါ့။ GTC (နည်းပညာတက္ကသိုလ်)ကျောင်းသားတချို့လည်း သုံးစွဲတာတွေ့ရတယ်။ တခါသောက်ရင် ၁၀ လုံး၊ အလုံး ၂၀ စသဖြင့် အလုံးရေအများကြီး သောက်ပြီး မူးယစ်ဆေးလိုသုံးနေတော့ သူတို့အတွက်ဘေးအန္တရာယ်ဖြစ်လာတာပေါ့”ဟု ပုသိမ် အခြေစိုက်အမှတ် ၄၉ မူးယစ်ဆေးဝါး တားဆီးနှိမ် နင်းရေး အထူးအဖွဲ့ တပ်ဖွဲ့စုမှူး ဦးမြင့်အောင်က ပြောသည်။

အိမ်သုံးဆေးအမျိုးမျိုးရောင်းချလိုပါက ကျန်းမာရေးဦးစီးဌာနမှ လက်လီလက် ကားရောင်းချခွင့် ခွင့်ပြုချက် ရရှိရန် လိုအပ်သော်လည်းပုသိမ်မြို့ပေါ်တွင် ခွင့်ပြုချက်မရှိသည့် ကွမ်းယာဆိုင်၊ကုန်စုံဆိုင်နှင့် ဆေးဆိုင် တချို့က ဆေးတစ်လုံးလျှင် ၂၅ ကျပ်နှုန်းဖြင့်ရောင်းချနေခြင်းဖြစ်သည်။

 “အလယ်တန်း၊ အထက်တန်းကျောင်းသားလေးတွေက ဒီဆေးတွေကို အိမ်သာတို့သန့်စင်ခန်းတို့မှာ သုံးတယ်။ သုံးပြီးတာနဲ့ မျက်လုံးလေးတွေ မှေးလာတယ်။ ဒီဆေးကအိပ်ချင်တဲ့သဘော ရှိတယ်။အဲဒါကိုတွေ့ တဲ့ ကျောင်းသား တွေက ရုံးခန်းကို သွားပြီးဆရာကြီးကို သတင်းပေးတဲ့အခါမှာ ဆရာက ကလေးကို လာကြည့်တော့ ကလေးကခေါင်းမထူနိုင်တော့ဘူး။ အဲ့ဒီလိုဖြစ်ခဲ့တာတွေရှိတယ်”ဟု ပုသိမ်မြို့အမှတ်(၂) ရဲစခန်မှုး ဦးသိန်းဇော်ဦးက ပြောသည်။

၂၀၁၄ ခုနှစ်အတွင်း၌ ပုသိမ်မြို့နယ်အတွင်း မူးယစ်ဆေးသုံးစွဲရောင်းဝယ်မှု(၈)မှုကို ဖမ်းဆီးအရေးယူ ခဲ့ကြောင်း အမှတ်(၄၄)မူးယစ်တပ်ဖွဲ့စု တပ်ဖွဲ့စုမှူး ရဲမှူးဦးမြင့်အောင်ထံမှ သိရသည်။

Shwe Myitmakha Media Group

No comments:

Post a Comment

My Blog List