Tuesday, August 19, 2014

အမေရိကန်ပြည်ထောင်စု မစ်ဇိုရီတွင် လူဖြူ၊ လူမည်း ပဋိပက္ခ အရှိန်မြင့်၊ အမျိုးသားလုံခြုံရေးတပ်ဖွဲ့ အရေးပေါ်စေလွှတ်



အမေရိကန်ပြည်ထောင်စု မစ်ဇိုရီပြည်နယ် စိန့်လူးဝစ်ကောင်တီ ဖာဂူဆန်မြို့တွင် လက်နက်မဲ့ လူမည်းဆယ်ကျော်သက် တစ်ဦးကို ရဲက ပစ်ခတ်၍ သေဆုံးခဲ့မှုအပေါ် မကျေနပ်သူများ ဆန္ဒပြမှု အရှိန်မြင့်တက် လာခြင်းကြောင့် ပြည်နယ်အစိုးရ က အခြေအနေအရပ်ရပ်ကို ထိန်းသိမ်းနိုင်ရေးအတွက် အမျိုးသားလုံခြုံရေး အစောင့်တပ်ဖွဲ့ဝင်များ စေလွှတ်လိုက် ရကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 
ဖာဂူဆန် မြို့သူမြို့သားများကို အကာအကွယ်ပေးရန်နှင့် ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ပြန်လည်ပေါ်ထွန်း လာရေးအတွက် မြို့အုပ်ချုပ်ရေးမှူး ဂျေးနစ်ဆင်က အမျိုးသားလုံခြုံရေး တပ်ဖွဲ့ဝင်တွေကို အကူအညီပေးရန် အမိန့် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ 

လက်နက်ကိုင်ဆောင်ခြင်း မရှိသော လူမည်းဆယ်ကျော်သက် တစ်ဦးအား ပစ်ခတ်မှုအပေါ် မကျေနပ်သူများ၏ ဆန္ဒပြမှုများ၊ ရုန်းရင်းဆန်ခတ် ဖြစ်မှုများကို ထိန်းသိမ်းရန် ပထမဦးစွာ ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့သော်လည်း အခြေအနေမှာ ပိုမိုဆိုးရွားလာခြင်းကြောင့် ယခုကဲ့သို့ အမျိုးသားလုံခြုံရေး တပ်ဖွဲ့ကို အကူအညီ တောင်းခံခဲ့ခြင်း ဖြစ်သည်။ 

ယင်းပြည်နယ်မှ သတင်းထောက်များ အဆိုအရ ညမထွက်ရ ထုတ်ပြီးနောက် နှစ်ရက်အကြာတွင် ဒေါသထွက်နေသည့် လူအုပ်ကြီးနှင့် ရဲတပ်ဖွဲ့ဝင်တို့ ထိပ်တိုက် ပဋိပက္ခ ဖြစ်ပွားခဲ့ခြင်းကြောင့် အမျိုးသားလုံခြုံရေးတပ်ဖွဲ့ စေလွှတ်ရန် အမိန့်ထုတ် လိုက်ခြင်း ဖြစ်သည်။ 

လုံခြုံရေး တပ်ဖွဲ့ဝင်များက တနင်္ဂနွေနေ့ ညပိုင်းတွင် ဆန္ဒပြလူအုပ်ကြီးကို လူစုခွဲလိုက်နိုင်ကြောင်း၊ ညမထွက်ရအမိန့် ထုတ်ပြန်ထားစဉ် အချိန်အတွင်း ဆိုးရွားသော ဖြစ်စဉ်များ ပေါ်ပေါက်ခဲ့ခြင်း မရှိကြောင်း ဒေသအာဏာပိုင်တို့က ဆိုသည်။

“သူတို့ဘက်က အင်အား ကြီးမားလာတယ်။ တိုက်ခိုက်လာတယ်။ အဲဒီတော့ ကျွန်တော်တို့မှာ အခြားရွေးချယ်စရာ မရှိတော့ဘူး။ တုံ့ပြန်ဖို့ပဲ ရှိတယ်။ ဆန္ဒပြသူတချို့က ရဲအရာရှိတွေကို သေနတ်နဲ့ပစ်တယ်။ ဓာတ်ဆီဗုံးတွေ၊ ပုလင်းတွေ နဲ့လည်း ပစ်ခဲ့ကြတယ်” ဟု ပြည်နယ် ရဲအရာရှိ ဗိုလ်ကြီးရွန်ဂျွန်ဆင်က ပြောကြားသည်။ 

ဖာဂူဆန်မြို့တွင် မတည်မငြိမ်မှုများနှင့် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပေါ်နေစဉ် ဆန္ဒပြသူအချို့ ဒဏ်ရာရရှိခဲ့သလို အချို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ သည်။ 

မစ်ဇိုရီပြည်နယ်အစိုးရက ပြီးခဲ့သည့် စနေနေ့မှစ၍ အရေးပေါ်အခြေအနေနှင့် ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့ကြောင်း၊ လက်ရှိအခြေအနေ (တနင်္လာနေ့) တွင် ညမထွက်ရအမိန့် ရုပ်သိမ်းခြင်း မရှိသေးသော်လည်း ပဋိပက္ခ လျော့ကျသွားပြီ ဖြစ်ကြောင်း သတင်းဌာနများက ဖော်ပြသည်။ 

ဖာဂူဆန်မြို့တွင် သြဂုတ်လ ၉ ရက်နေ့က လူဖြူရဲအရာရှိတစ်ဦးက လူမည်း ဆယ်ကျော်သက် တစ်ဦးဖြစ်သူ မစ်ရှဲ ဘရောင်းအား ပစ်ခတ်ခဲ့မှုကြောင့် ယင်းမြို့ရှိ လူမည်းများ အများစုနေထိုင်ရာ ဆင်ခြေဖုံးဒေသတွင် အသားအရောင် ခွဲခြားမှုနှင့် ပတ်သက်သည့် တင်းမာမှုများ ဖြစ်ပေါ်နေသည်။

The Voice Weekly

No comments:

Post a Comment

My Blog List