Friday, August 22, 2014

မိခင်ဘာသာစကားကို အခြေပြုသင်ကြားပေးပါက တိုင်းရင်းသားကလေးငယ် များ စာပိုမိုတတ်မြောက်နိုင်


မြန်မာနိုင်ငံ၏ အခြေခံပညာရေးစနစ်တွင် တိုင်းရင်းသားကလေးငယ်များအား လက်ရှိသင်ကြား နေသော မြန်မာ ဘာသာစကားထက် ၄င်းတို့ မိခင်ဘာသာ စကားဖြင့်သာ အခြေပြုသင်ကြားမည်ဆိုပါက ကလေး ငယ်များ ယခုထက် ပိုမိုစာတတ်မြောက်လာမည်ဟု ပညာရေးစနစ် ပြုပြင်ပြောင်းလည်းရေးကွန်ရက် (NNER) ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

လက်ရှိ သင်ကြားရေးစနစ်တွင် မြန်မာဘာသာစကားတစ်ခုတည်းဖြင့်သာ သင်ကြားနေရသည့်အတွက် တိုင်းရင်းသား ကလေးငယ်များတွင် စာတတ်နိုင်မြောက်ရေး၌ အခက်အခဲဖြစ်နေကြောင်း၊ တိုင်းရင်း သား ကလေးငယ်များ စာတတ်မြောက်မှုနည်းပါးခြင်း၏ အဓိကအကြောင်းအရင်းမှာ မြန်မာဘာသာစကားဖြင့်သာ သင်ကြားနေရခြင်း ဖြစ်သည်ဟု NNER ကွန်ရက်မှ အဖွဲ့ဝင်များကဆိုသည်။

"ကျွန်တော်တို့ ဆိုလိုတာက သင်ကြားရေးအပိုင်းမှာ တိုင်းရင်းသားဘာသာ စကားကိုထည့်ပြီး သင်ကြားပေး ဖို့ ပြောနေတာမဟုတ်ပါဘူး။ မြန်မာစကားကို နားမလည်တဲ့တိုင်းရင်းသား ကလေးငယ် တွေအတွက် သူတို့နားလည်တဲ့ မိခင်ဘာသာစကားနဲ့ သင်ကြားပေးနိုင်ဖို့ကို ပြောတာပါ ဒါမှလည်း သင်ယူတတ်မြောက် မှု လွယ်မယ်။ ဒါကိုအစိုးရပိုင်းအနေနဲ့ အမြင်မမှားဖို့ပါ" ဟု ပညာရေးစနစ် ပြုပြင်ပြောင်းလည်းရေးကွန်ရက် (NNER) ပညာရေး ဒါရိုက်တာ ဦးသိန်းလွင်က ပြောသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသူ/ ကျောင်းသား ပေါင်း ခြောက်သိန်းခန့်ရှိပြီး တနိုင်ငံလုံးအတိုင်းအတာအရ နှစ်စဉ်အောင်ချက် ရာနှုန်း ၃၀ ကျော်ရှိကြောင်း ပညာရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

"ကျွန်မတို့ ကချင်ပြည်နယ် မချမ်းဘောဆိုတဲ့ ရွာလေးမှာဆယ်တန်းကို အယောက်(၁၀၀)ဖြေဆိုတာ (၁) ယောက်ပဲ အောင်တယ် ဒါဟာဘာလည်းဆိုရင်မြန်မာစကားကို ကောင်းကောင်းနားမလည်လို့ပဲ မေးခွန်းမှာ စကားလုံး တစ်လုံးကို ပြောင်းလည်းလိုက်တာနဲ့ သူတို့တွေအတွက် အရမ်းကိုခက်ခဲသွားစေတဲ့အပိုင်းတွေ ဖြစ် လာစေပါတယ်" ဟု မဟော့စိုင်းက ပြောသည်။

ပြည်တွင်းအရှိန်ကြောင့် ကချင်ပြည်နယ်အတွင်း အောင်ချက်ရာနှုန်းများကျဆင်း ခဲ့ရပြီး ချင်းပြည်နယ် သည် အောက်ချက်ရာနှုန်းထက်ဝက်ကျဆင်းခဲ့ပြီး၂၀၁၂-၂၀၁၃ပညာသင်နှစ်၌လည်း တစ်ပြည်လုံးအတိုင်းအတာ အရ အောင်ချက် အနည်းဆုံးဖြင့် ဆက်လက် ရပ်တည်နေဆဲဖြစ်သည်။

အာရှနိုင်ငံအများစုတွင် တိုင်းရင်းသားဘာသာစကားအပေါ် အလေးထားမှုနည်း ရာ၌ မြန်မာနိုင်ငံလည်း ပါဝင်ကြောင်း၊ နိုင်ငံသုံးဘာသာစကား (NationalLanguage) နှင့် နိုင်ငံတကာသုံး ဘာသာစကား (English Language) နှစ်ခုကိုသာ အဓိကသင်ကြားနေသည့်အတွက်  တိုင်းရင်းသားများအနေဖြင့် ကျောင်းသုံး ဘာ သာစကားကို မကျွမ်းကျင်သည့်အတွက် ပညာရေးတွင် ခက်အခဲဖြစ်နေရကြောင်း သိရှိရသည်။

မိခင်ဘာသာ စကားအား အခြေခံသည့် ဘာသာစုံသင်ကြားရေး (Mother Tongue- based (MLE) ပညာရေး ပေါ်လစီကို ပြောင်းလဲ ကျင့်သုံးရန် လိုအပ်နေပြီဟု NNER မှ ပညာရေးဒါရိုက်တာဦးသိန်းလွင်က ထောက်ပြပြော ဆိုသည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်း (၁၃၅)မျိုးရှိပြီး တိုင်းရင်းသား ဘာသာစကားမျိုးကွဲပေါင်း များစွာ ရှိသည်။

အာရှနိုင်ငံများအတွင်း အင်ဒိုနီးရှား၊ အန္ဒိယ၊ တရုတ်၊ ဖိလစ်ပိုင်၊မလေးရှား၊ နီပေါ နိုင်ငံများတွင်လည်း တိုင်းရင်းသားပေါင်းများစွာ ယှဉ်တွဲနေထိုင်ကြသည့် နိုင်ငံများဖြစ်သည်။

Shwe Myitmakha Media Group

No comments:

Post a Comment

My Blog List