Friday, August 22, 2014

အပြင်ထွက်ခွင့်မရသည့် အီဘိုလာကူးစက်ဒေသအတွက် စားနပ်ရိက္ခာများ ရောက်ရှိ


လိုက်ဘေးရီးယားနိုင်ငံတွင်းက ပင်လယ်ကမ်းခြေ ဝက်စ်ပွိုင့်ဒေသမှာ အီဘိုလာရောဂါ ကူးစက်မှုကြောင့် အပြင်ထွက်ခွင့်မရဘဲ ကန့်သတ်ခံထားရတဲ့သူတွေအတွက် စားသောက်ကုန်တွေ တင်ထားတဲ့ ကုန်ကား တွေ ပြီးခဲ့တဲ့ သြဂုတ် ၂၁ ရက်နေ့က ရောက်ရှိပါတယ်။

အရင်နေ့ကတော့ ဒေသခံတွေက ကန့်သတ်မှုကို ချိုးဖောက်ဖို့ ကြိုးစားခဲ့ကြလို့ ရဲတွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တဲ့အတွက် လူ ၄ ဦး ဒဏ်ရာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာဏာပိုင်တွေကတော့ နိုင်ငံဝန်း အရေးပေါ်ကြေညာချက်ကို သြဂုတ် ၁၉ ရက်နေ့က စပြီး ထုတ်ပြန်ထား ပါတယ်။

ဝက်စ်ပွိုင့်ဒေသကိုလည်း ကူးစက်မှု ထိန်းချုပ်ဖို့ ကန့်သတ်ထားလိုက်ပါတယ်။ ဒေသခံတွေကတော့ ပိတ်မယ် ဆိုတာ သတိပေးမှု မလုပ်ခဲ့လို့ အလုပ်လည်း မသွားရသလို အစားအစာလည်း မ၀ယ်ရအောင် တားခံရ တယ်လို့ ပြောပါတယ်။

မွန်ရိုဗီယာမြို့တော် အစိတ်အပိုင်းတွေမှာ လူအများအပြားက ဆင်းရဲလို့ တနေ့လုပ် တနေ့ စားဖို့ ၀ယ်ရပြီး သိုလှောင်ထားနိုင်စွမ်း မရှိကြပါဘူး။

ဝက်စ်ပွိုင့်ဒေသခံတဦးက “ဆန်တွေ ရောက်လာတယ်။ ၀မ်းသာပေမယ့် လွတ်လပ်မှုကိုသာ လိုလားတယ်။ လမ်းတွေ ဖွင့်ပေးပါ။ ကျနော်၊ ကျမတို့ စားစရာကို သွားရှာနိုင်တယ်” လို့ ပြောပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီး (ဒဗလျူအက်ဖ်ပီ) ကတော့ လူ ၁ သန်းလောက် စားနပ်ရိက္ခာ ပြတ်မယ့်ဘေးရှိတဲ့ ရောဂါထိန်းချုပ်ရေးဇုန်တွေကို အရေးပေါ် စားနပ်ရိက္ခာတွေ စတင်ပို့ပေးနေပါတယ်။

ဝက်စ်ပွိုင့် ကော်မရှင်နာ မေးတာ ဖလားဝါးစ်က “အစိုးရက ပြည်သူတွေကို ချစ်လို့ ကျန်းမာပြီး ကောင်းကောင်း နေရတာ မြင်ချင်တယ်။ ရောဂါကို အသည်းအသန် ကိုင်တွယ် ဖြေရှင်းနေတာကို သူတို့ကို အသိပေးထားတယ်” လို့ ပြောပါတယ်။

သြဂုတ် ၁၈ ရက်နေ့ထိ အီဘိုလာ ကူးစက်ခံရသူ ၂၄၇၃ ယောက် ရှိနေပြီး သေဆုံးသူ အယောက် ၁၃၅၀ ရှိပါပြီ။

DVB

No comments:

Post a Comment

My Blog List