Miss International 2014 ပြိုင်ပွဲသို့ မြန်မာကိုယ်စားပြု အလှမယ်အဖြစ် သွားရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ခဲ့သည့် Miss Myanmar International ဆုကို ဩဂုတ် ၁၇ ရက်တွင် ရွေးချယ်ပေးအပ်ခဲ့ရာ ခါးနံပါတ် ၁၆ ခင်ဝေဖြိုးဟန်က ဆွတ်ခူးရ ရှိခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် အဆင့်ဆင့် ယှဉ်ပြိုင်မှုများကို ဖြတ်ကျော်ကာ အသက် ၁၈ နှစ်အရွယ် ခင်ဝေဖြိုးဟန်က ဆွတ်ခူးရရှိ သွားခဲ့ခြင်းဖြစ်သည်။ Miss Myanmar International နောက်ဆုံးအဆင့်ပြိုင်ပွဲတွင် ဆန်ခါတင်ပြိုင်ပွဲဝင် ၂ဝ ဦးက ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ကြိုဆိုနှုတ်ဆက်သည့် အကဝတ်စုံ၊ မြန်မာဝတ်စုံ၊ swim suit နှင့် ညနေခင်းဝတ်စုံတို့ဖြင့် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။ ပြိုင်ပွဲတွင် အကဲဖြတ် ဒိုင်လူကြီးများအဖြစ် Miss International 2013 ဆုရှင် ဖိလစ်ပိုင် အလှမယ် အပါအဝင် ပြည်တွင်းမှ အနုပညာရှင်များနှင့် တာဝန်ရှိသူများ ပါဝင်ဆောင်ရွက်ခဲ့ကြသည်။
ယှဉ်ပြိုင်မှုများအပြီးတွင် Title ဆုများကို ဦးစွာချီးမြှင့်ပေးအပ်ခဲ့ရာ Miss Talent ဆုကို ခါးနံပါတ် ၁၅ သိမ့်ဟန်သော်က လည်းကောင်း၊ Miss Photogenic ဆုကို ခါးနံပါတ် ၁၈ မေဘရဏီသော်က လည်းကောင်း၊ Miss Beauty ဆုကို ခါးနံပါတ် ၅ အိနုဝေက လည်းကောင်း အသီးသီး ဆွတ်ခူးခဲ့ကြသည်။ ထို့နောက် Top 10 list ကို ကြေညာ၍ မေးခွန်းများကို မဲနှိုက်ရွေးချယ်ကာ အင်္ဂလိပ်ဘာသာ စကားဖြင့် ဖြေဆိုစေခဲ့သည်။ မေးခွန်းများတွင် ဗဟုသုတနှင့် ဉာဏ်စမ်းမေးခွန်း များကို ထည့်သွင်းမေးမြန်းခဲ့ခြင်း ဖြစ်သည်။
မေးခွန်းများ ဖြေကြားပြီးနောက် ဆုကြေညာခြင်း အစီအစဉ်အား ပြုလုပ်ရာတွင် Miss Myanmar International 2014 ဆုကို ခါးနံပါတ် ၁၆ ခင်ဝေဖြိုးဟန်က ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။ 1st runner up ဆုကို ခါးနံပါတ် ၁၈ မေဘရဏီသော် က လည်းကောင်း၊ 2nd runner up ဆုကို ခါးနံပါတ် ၁၂ သဒ္ဒါမရိုင်ယန်က လည်းကောင်း အသီးသီး ဆွတ်ခူးရရှိသွားခဲ့ သည်။
Miss Myanmar International 2014 ဆုရှင် ခင်ဝေဖြိုးဟန်ကို Miss Myanmar International 2013 ဆုရှင် ဂုဏ်ရည်အေးကျော်က သရဖူ လွှဲပြောင်းပေးအပ်ခဲ့သည်။ ခင်ဝေဖြိုးဟန်သည် ဂျပန်၌ပြုလုပ်မည့် Miss International 2014 ပြိုင်ပွဲသို့ မြန်မာကိုယ်စားပြု အလှမယ်အဖြစ် သွားရောက်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်သည်။
Eleven Media Group
No comments:
Post a Comment