Tuesday, August 19, 2014

ရဲတပ်ဖွဲ့၏ တရားစွဲခြင်းခံရသည့် ညောင်ဝန်းရွာအနေဖြင့် ဥပဒေကြောင်းအရ ဆက်လက်ရင်ဆိုင်သွားမည်ဟု ဒေသခံများပြောကြား


မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ် ညောင်ဝန်းကျေးရွာ၌ ဩဂုတ် ၁၄ ရက်က ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုဖြစ် ပွားခဲ့ပြီးနောက် ရဲတပ်ဖွဲ့ဘက်မှ ပြန်လည်တရားစွဲဆိုထားသည့်အပေါ် ဥပဒေကြောင်းအရ ရင်ဆိုင်သွား မည်ဖြစ်ကြောင်းဒေသခံများက ပြောကြားသည်။


ညောင်ဝန်းကျေးရွာတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းနှင့်ပတ်သက်၍ ဩဂုတ် ၁၈ ရက်က သတင်းစာရှင်းလင်း ပွဲပြုလုပ်ခဲ့ပြီး ဒေသခံများက ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

မော်တော်ဆိုင်ကယ်များအပါအဝင် ရဲအသုံးအဆောင်များကို လုယူထားခြင်းမဟုတ်ကြောင်း၊ ရဲတပ်ဖွဲ့ဘက် မှ ယူဆောင်မသွားခြင်းသာဖြစ်ကြောင်း၊ ဆိုင်ကယ်များကိုလည်း မဖျက်ဆီးကြောင်းနှင့် ထိန်းသိမ်းစောင့် ရှောက်မှုသာ ပြုလုပ်ထားကြောင်း ဒေသခံများက ပြောကြားသည်။

“တစ်ရွာလုံးကို တရားစွဲဆိုထားတယ်လို့ ကြားရပါတယ်။ တစ်ရွာလုံးအနေနဲ့ ဝမ်းနည်းမိပါတယ်။ ဒါဟာ တရားမမျှတဘူးလို့လည်း ယူဆပါတယ်။ တောင်သူတွေအနေနဲ့ ရဲစခန်းကနေ တရားစွဲဆိုထားမှုကို ဥပဒေဘောင်အတွင်းကပဲ ပြန်လည်ဖြေရှင်းသွားမှာပါ”ဟု ညောင်ဝန်းတောင်သူ မျိုးငြိမ်းဇော်က ဆိုသည်။

ထိုသို့ဥပဒေကြောင်းအရ ပြန်လည်ဖြေရှင်းမည်နှင့်ပတ်သက်၍ ရှေ့နေများကွန်ရက်အဖွဲ့မှ တရားလွှတ်တော်
ရှေ့နေ ဦးအောင်သိန်း မှ လိုက်ပါဆောင်ရွက်မည်ဟု သိရသည်။

“ကိုယ့်ရွာက စော်ကားလည်း ခံရသေးတယ်။ ရွာသူရွာသားတွေက သူတို့လက်နက်ပစ္စည်းတွေကို လုပါ တယ်ဆိုပြီးတော့ အထက်ကို အစီရင်ခံကောင်းအောင်လုပ်တယ်ဆိုတာတွေက ရိုးနေပါပြီ”ဟုရှေ့နေ ဦးအောင်သိန်း က ပြောကြားသည်။

ဩဂုတ် ၁၄ ရက်က နံနက်ပိုင်းက ညောင်ဝန်းကျေးရွာ အလယ်တန်းကျောင်း အနီးရှိ ဘောလုံးကွင်းအတွင်း ရဲတပ်ဖွဲ့က ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ ထို့သို့ပစ်ခတ်ရာတွင် ကျည်ဆံအစစ်အသုံးပြုခဲ့မှုကြောင့် ဒေသခံ အမျိုးသမီးငါးဦးဒဏ်ရာရရှိခဲ့ပြီး တစ်ဦးမှာ ခြေထောက်ထုတ်ချင်းပေါက် သေနတ်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ နေအိမ်တစ်လုံးနှင့် အနီးရှိ စာသင်ကျောင်းတို့ သေနတ်ထိမှန်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။ 

ထို့အတူဒေသခံများက ပြန်လည်ခုခံသောကြောင့် ရဲတပ်ဖွဲ့ဝင်အချို့ဒဏ်ရာရရှိခဲ့ကြောင်း၊ အခင်းဖြစ်ပွား
ပြီးနောက် ရဲတပ်ဖွဲ့ဝင်များနှင့်ဒေသခံများ ညှိနှိုင်းမှုပြုလုပ်ခဲ့ပြီး ပစ်မိန့်ပေးသူကို ဖော်ထုတ်အရေးယူပေးရန်
လည်း ဒေသခံများက တောင်းဆိုခဲ့ကြောင်း သိရသည်။

ဒေသခံများက လက်ပံလှရဲကင်းစခန်းတွင် အမှုဖွင့်တိုင်ကြားထားပြီး ရတပ်ဖွဲ့ဘက်မှလည်း တပ်ဖွဲ့ဝင် ၁၄ ဦး ဒဏ်ရာရရှိခဲ့မှုနှင့် ဆိုင်ကယ်များဖျက်ဆီးခံရမှုနှင့်ပတ်သက်၍ ပြန်လည်အမှုဖွင့်ထားကြောင်း သိရသည်။

“ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ ရဲချုပ်ရုံးကနေ စုံခုံစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းထားတယ်။ ဩဂုတ် ၁၈ ရက်မှာ စစ်ဆေးရေးအဖွဲ့က အခင်းဖြစ်ပွားခဲ့တဲ့နေရာတွေကို သွားရောက်ပြီးတော့ စစ်ဆေးခဲ့ပါတယ်။ စစ်ဆေးပြီး
ရင်တော့ ထွက်ရှိလာတဲ့အပေါ်မူတည်ပြီး  ကျူးလွန်ခဲ့တဲ့သူတွေ ဥပဒေအတိုင်း အရေးယူသွားမှာပါ” ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ဇော်မင်းဦး က ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment

My Blog List