Friday, August 22, 2014

မိကျောင်းကန် သပိတ်စခန်း ဦးဆောင်သူကို ကျောက်တံတား တရားရုံးက ပုဒ်မ ၁၈ ဖြင့် တရားထပ်စွဲ


မြို့နယ်လေးခုရှိ တရားရုံးတွင် စည်ပင်ဥပဒေ ပုဒ်မ အပါအဝင် ပုဒ်မ ၁၈ ဖြင့် ရုံးထုတ် စစ်ဆေးခံရသော မိကျောင်းကန် သပိတ်စခန်း ဦးဆောင်သူ ဦးစိန်သန်းကို သြဂုတ်လ ၂၁ ရက် နံနက် ၁၀ နာရီက ကျောက်တံတားမြို့နယ် တရားရုံးက ပုဒ်မ ၁၈ ဖြင့် ဒုတိယအကြိမ်မြောက် ထပ်မံတရားစွဲဆိုကြောင်း စစ်ဆေးခံနေရသူ ဦးစိန်သန်းက ပြောကြားသည်။ 

သိမ်းဆည်းခံမြေများ ပြန်လည်ရရှိရန် ခွင့်ပြုချက် မရရှိဘဲ မဟာဗန္ဓုလ ပန်းခြံဘေး၌ သပိတ်စခန်းဖွင့် ဆန္ဒထုတ်ဖော်မှုကြောင့် ကျောက်တံတားမြို့နယ် တရားရုံးက ပုဒ်မ ၁၈ ဖြင့် မိကျောင်းကန် သပိတ်စခန်း ဦးဆောင်သူ ဦးစိန်သန်းကို ရုံးထုတ် စစ်ဆေးလျက်ရှိကြောင်း၊ မေလပိုင်းက လသာမြို့နယ် စည်ပင်တရား ရုံးရှေ့သို့ ဆန္ဒပြခဲ့ရာတွင် ခွင့်ပြုချက် တောင်းခံခြင်း မရှိခဲ့သောကြောင့် ပုဒ်မ ၁၈ ဖြင့် ထပ်မံတရားစွဲဆိုခြင်း ဖြစ်ကြောင်း ယင်းတရားရုံးထံမှ စုံစမ်းသိရှိရသည်။

“သြဂုတ် ၁၉ နဲ့ ၂၀ ရက်တွေမှာ ဗဟန်းနဲ့ လသာတရားရုံးက ပုဒ်မ ၁၈ နဲ့ ထောင်ရှစ်လ ချတယ်၊ ဒီနေ့လည်း ကျောက်တံတား တရားရုံးက ပုဒ်မ ၁၈ နဲ့ ရုံးထုတ် စစ်ဆေးနေရင်း ပုဒ်မ ၁၈ နဲ့ ထပ်တရား စွဲတယ်၊ အာမခံ မပေးဘူး၊ အသိမ်းခံရတဲ့ မြေပြန်ရဖို့ တောင်းဆိုတဲ့ ပြည်သူကို ပုဒ်မမျိုးစုံတပ်ပြီး တရားစွဲ ထောင်ချနေတာ မတရားဘူးလို့ ခံစားရတယ်။” ဟု စစ်ဆေးခံနေရသူ ဦးစိန်သန်း၏ သမီး မနေနွယ်သန်းက ပြောကြားသည်။

အဆိုပါ သပိတ်စခန်း ဦးဆောင်သူ ဦးစိန်သန်းကို လသာမြို့နယ် စည်ပင်တရားရုံးက စည်ပင်ဥပဒေ ပုဒ်မ ၆၈ ဖြင့် အမှုဖွင့်ပြီး ဖမ်းဝရမ်း ထုတ်ခဲ့သည်ကို မေလက မိကျောင်းကန်ပြည်သူများက တရားရုံးသို့ စီတန်း လှည့်လည်၍ တရားသူကြီးကို ဆန္ဒပြခဲ့ရာတွင် ခွင့်ပြုချက် တောင်းခံခြင်း မရှိသောကြောင့် ကျောက်တံတား၊ ပန်းဘဲတန်းနှင့် လသာမြို့နယ် တရားရုံးတို့က ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခဲ့ကြောင်း ယင်းတရားရုံးများထံမှ စုံစမ်းသိရှိရသည်။

“မြို့နယ်လေးခုက တရားရုံးတွေမှာ ဦးစိန်သန်းကို ပုဒ်မ ၁၈ နဲ့ အမှု ၅ မှု တရားစွဲထားပြီး ခုတရားရုံး နှစ်ခုပေါင်း ထောင်ရှစ်လ ချခဲ့တာ၊ ကျောက်တံတားနဲ့ ပန်းဘဲတန်း တရားရုံးတွေကလည်း ဒီရက်ပိုင်းအတွင်း အမိန့်ချမယ်လို့ ကြားတယ်” ဟု သပိတ်စခန်းမှ ဆန္ဒပြနေသော ကိုကုလားက ရှင်းပြသည်။ 

လသာမြို့နယ် စည်ပင်တရားရုံးတွင် သြဂုတ်လ ၂၂ ရက် နံနက်ပိုင်းတွင် သပိတ်စခန်း ဦးဆောင်သူ ဦးစိန်သန်းကို စည်ပင်ဥပဒေ ပုဒ်မ ၆၈ ဖြင့် လည်းကောင်း၊ သြဂုတ် ၂၅ ရက်နေ့တွင် ပန်းဘဲတန်းမြို့နယ် တရားရုံးက လည်းကောင်း ပုဒ်မ ၁၈ ဖြင့် ရုံးထုတ်စစ်ဆေးမည် ဖြစ်ကြောင်း အဆိုပါ သပိတ်စခန်းထံမှ စုံစမ်းသိရှိရသည်။

“၂၀၁၃ ခုနှစ်က ဦးစိန်သန်းကို ပုဒ်မ ၁၈ နဲ့ သင်္ဃန်းကျွန်းနဲ့ ကျောက်တံတား တရားရုံးက ထောင်ချခဲ့တယ်။ ခုလည်း ပုဒ်မတွေ တန်းစီပြီး မတတ်နိုင်တဲ့ အာမခံကြေး သတ်မှတ်ပြီး တရားစွဲ ထောင်ချတယ်။ သပိတ် စခန်းဖွင့်တာ ငါးလရှိပြီ။ မြေပြန်မရမချင်း သပိတ်စခန်း ပြန်မရုပ်သိမ်းပေးနိုင်ဘူး” ဟု ဆန္ဒပြနေသူ ဒေါ်ခင်စန္ဒာက ဆိုသည်။

သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ ရှိ မြေများ သိမ်းဆည်းခံရမှုကို ပြန်လည် ရရှိရေး အတွက် ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှ ယနေ့အထိ ဆန္ဒထုတ်ဖော်မှု ခုနစ်ကြိမ်၊ သပိတ်စခန်း သုံးကြိမ် ဖွင့်ခဲ့ကြောင်း၊ တတိယအကြိမ်မြောက် သပိတ်စခန်းကို မဟာဗန္ဓုလပန်းခြံဘေးတွင် မတ်လ ၂၄ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး မတ်လ ၃၀၊ ၃၁ ရက်နေ့က အင်အားသုံး ဖယ်ရှားခံရသော်လည်း သပိတ်စခန်းကို ဆက်လက်ဖွင့်ထားကြောင်း ဆန္ဒပြနေသူများထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment

My Blog List