Tuesday, August 19, 2014

အရှင်ဆန္ဒာဓိကနှင့် ဒေါ်စု လှူဒါန်းသည့် ကျောင်း ပညာသင်ကြားရေး အခက်ကြုံ


အရှင်ဆန္ဒာဓိကနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ကျောင်းဆောင်သစ် ဆောက်လုပ်လှူဒါန်းထားသည့် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဇိုနွမ်းဇန်ရွာ မူလတန်းလွန်ကျောင်းတွင် ကျောင်းဆရာ လုံလောက်မှုမရှိ သဖြင့် သင်ကြားရေး အခက်ကြုံနေသည်ဟု ကျောင်းအုပ်ကြီး ဦးရှင်းကျင့်ထန် က ပြောသည်။

“ကျောင်းသားဦးရေ ၁၁၀ ရှိတယ်။ ဆရာက ကျွန်တော်အပါအ၀င် ငါးယောက်ပဲရှိပါတယ်။ ဘာသာရပ် အလိုက်နှင့် အတန်းခွဲတွေ သင်ဖို့ ဆရာမလုံလောက်ဘူး။ ဒါကြောင့် အထွေထွေလုပ်သားကိုပါ ဆရာအဖြစ် စာသင်ခိုင်းနေရပါတယ်”ဟု ၎င်းက ပြောသည်။

ယင်းသို့ ဆရာ၊ ဆရာမ မလုံလောက်မှုကြောင့် ဆရာ၊ ဆရာမ ၃ ဦး ထပ်မံငှားရမ်းရသည်ဟု ကျောင်းအုပ် ကြီးက ဆိုသည်။ အဆိုပါ မူလတန်းလွန်ကျောင်းဆောင်သစ်ကို အရှင်ဆန္ဒာဓိကနှင့် ဒေါ်အောင်ဆန်းစုကြည် တို့ ကိုယ်တိုင် ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီ ၇ရက်က ဖွင့်လှစ်ပေးခဲ့သည်။

“တခြားရွာတွေက ဘွဲ့ရတဲ့ ဆရာကို စပါးတင်း ၁၀၀ ပေးတယ်။ ကျွန်တော်တို့ ရွာက ဆင်းရဲလို့ သူများပေး သလို မပေးနိုင်တော့ ဘွဲ့ရတဲ့ ဆရာတွေက မလုပ်ချင်ကြဘူး”ဟု ကျောင်းကော်မတီဝင်တစ်ဦးက ပြော သည်။

“ချင်းပြည်နယ်မှာ မူလတန်းကျောင်း တစ်ကျောင်းကို ကျောင်းအုပ်တစ်ဦး၊ ဆရာသုံးဦးပေးပါတယ်။ မလောက်ရင်တော့ ငှားသုံးကြပါတယ်။ ရေရှည်အတွက်ဆိုရင်တော့ အထက်ကို တင်ရမှာပါ”ဟု တီးတိန်မြို့ နယ် ပညာရေးမှူး ဦးဟုန်ဆွမ်းက မဇ္ဈိမကို ပြောသည်။

ချင်းပြည်နယ်အတွင်းတွင် အခြေခံပညာကျောင်းပေါင်း ၁၄၆ ကျောင်းရှိပြီး မူလတန်းလွန် ၄၆၊ မူလတန်း ၅၇၊ အထက်တန်း ၈၊ အထက်တန်းခွဲ ၅၊ အလယ်တန်း ၁၀၊ အလယ်တန်းခွဲ ၁၆၊ မူလတန်းခွဲနှင့် တွဲဖက်မူလတန်း ၁ ကျောင်းစီ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း နှစ်ကျောင်းတို့ရှိသည်ဟု တီးတိန်မြို့နယ် ပညာရေးမှူးရုံး ၏ စာရင်းများက ဆိုသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List