ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်အနီးမှာရှိတဲ့ ဆေးဆိုးပန်းရိုက် စက်ရုံတစ်ရုံမှာ ရေနွေးငွေ့သုံး ဘွိုင်လာ ပေါက်ကွဲမှုကြောင့် မြန်မာနိုင်ငံသား ၁၈ ဦးဒဏ်ရာ ရရှိခဲ့တယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ အလုပ်သမား သံအရာရှိ ဦးသိန်းနိုင်က ပြောပါတယ်။
ဒဏ်ရာရသူတွေထဲက ကိုဦးကိုတော့ စမုပရကန် ဆေးရုံမှာ ကုသနေရပြီတော့ အဲဒီထဲက နှစ်ဦးကတော့ စိုးရိမ်ရတဲ့အတွက် အရေးပေါ် ဆေးကုသမှု ခံယူနေရတေယ်လို့ အလုပ်သမား သံအရာရှိက အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဆီကို တင်ပြတဲ့ အစီရင်ခံမှာ ဖော်ပြပါတယ်။
ကျန်ဒဏ်ရာရသူတွေထဲက လေးဦးကိုတော့ အရေးကြီး လူနာအဖြစ် ဆေးကုသနေရတယ်လို့လည်း ဖော်ပြ ပါတယ်။ စမုပရကန် ခရိုင်၊ ပါ့နန်းမြို့၊ ထိုင်းဘန်းအရပ်ရှိ Wongpasit Karnpim Printing ကုမ္ပဏီရဲ့ ဆေးဆိုးပန်းရိုက် စက်ရုံမှာ သြဂုတ်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ရေနွေးငွေ့သုံး ဘွိုင်လာ ရေးခမ်းကာ ပေါက်ကွဲခဲ့တာကြောင့် မြန်မာ ၁၈ ဦးနှင့် ထိုင်းလေးဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ဘွိုင်လာ ပေါက်ကွဲမှုကြောင့် အဲဒီအနီးက မြန်မာ အလုပ်သမားတွေ နေထိုင်တဲ့ တန်းလျား ၁၁ခု လည်း ပျက်စီးသွားခဲ့ပါတယ်။ ထိခိုက်သူတွေ၊ ဒဏ်ရာရရှိသူတွေကို ထိုင်းဥပဒေများနဲ့အညီ အပြည့်အဝ လုပ်ဆောင်ပေးဖို့ ထိုင်းအလုပ်သမား ဒုတိယဝန်ကြီးနဲ့ တာဝန်ရှိသူတွေ၊ လူမှုဖူလုံရေးက ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ အလုပ်ရှင်တို့ကို တွေ့ဆုံစဉ် တောင်းဆိုခဲ့တယ်လို့ ဦးသိန်းနိုင်က ပြောပါတတယ်။
နေထိုင်ရာ အခက်အခဲဖြစ်သွားတဲ့ မြန်မာတွေကို အရေးပေါ်သုံးငွေ တစ်ဦးကို ဘတ် ၅၀၀ ပေးဖို့၊ ပျက်စီးသွားတဲ့ အိမ်တန်းလျားများ လုပ်နေစဉ်အတွင်း နေထိုင်းရေး စီစဉ်ပေးဖို့၊ လတ်တလော စားစရာနဲ့ နေစရာများကို အခမဲ့ပေးဖို့၊ လူမှုဖူလုံရေး ဦးစီးဌာနက လျော်ကြေးအပြင် အလုပ်ရှင်က လူမှုနစ်နာကြေးပေး ရန် ထိုင်းအစိုးရက သဘောတူညီခဲ့တယ်လို့ သူက ဆိုပါတယ်။
စိုးရိမ်ရသည့် လူနာနှစ်ဦးအတွက် ဘတ် ၅၀၀၀၊ အရေးကြီးလူနာ လေးဦး အတွက် ဘတ် ၃၀၀၀၊ ကျန်လူနာ သုံးဦးအတွက် ၂၀၀၀ နှုန်း ထောက်ပံ့နိုင်ဖို့ အလုပ်သမား သံအရာရှိက အလုပ်သမားညွှန်ကြားရေး ဦးစီး ဌာနသို့ တင်ပြထား ပါတယ်။
The Voice Weekly
No comments:
Post a Comment