Wednesday, August 20, 2014

တပ်ပိုင်းဆိုင်ရာ ကိစ္စများအတွက် ကော်မတီသုံးခု ဖွဲ့စည်းမည်ဟုဆို


ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့ (NCCT) တို့အကြား တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေညှိနှိုင်းရန် ကော်မတီသုံးခု ဖွဲ့စည်းမည် ဖြစ်ကြောင်း NCCT အဖွဲ့ဝင် ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) မှ ဗိုလ်မှူး စောလုံလုံက ပြောကြားသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေးစာချုပ် ချုပ်ဆိုချိန်တွင် တစ်ပါတည်း ချုပ်ဆိုနိုင်ရန် နှစ်ဖက်တပ်များ လိုက်နာမည့် စစ်ဘက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ (Military Code of Conduct) ရေးဆွဲမည့် လုပ်ငန်းကော်မတီ၊ အပစ်ရပ်ပြီးနောက် နှစ်ဖက်တပ်များ လိုက်နာရမည့် စည်းမျဉ်း စည်းကမ်း များ (Ceasefire Code of Conduct) ရေးဆွဲမည့် လုပ်ငန်းကော်မတီနှင့် ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (Joint monitoring Committee) ဟူ၍ သုံးခု ဖွဲ့စည်းမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ 

စစ်ဘက်ဆိုင်ရာ စည်းမျဉ်း စည်းကမ်းများနှင့် အပစ်ရပ်ပြီးနောက် နှစ်ဖက်တပ်များ လိုက်နာရမည့် စည်းမျဉ်း စည်းကမ်းများ ရေးဆွဲမည့် လုပ်ငန်းကော်မတီတွင် ပါဝင်မည့် သူများကို နှစ်ဖက်တပ်မှူးများက ဆွေးနွေး ညှိနှိုင်းမည် ဖြစ်ပြီး အဆိုပါ ကော်မတီများကို စက်တင်ဘာလအတွင်း ပြုလုပ်မည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မတိုင်မီ ဖွဲ့စည်းမည် ဖြစ်ကြောင်း ဗိုလ်မှူး စောလုံလုံက ဆက်လက်ပြောကြားသည်။

နှစ်ဖက်တပ်များ လိုက်နာမည့် စည်းမျဉ်း စည်းကမ်းများကို မူလကတည်းက ၈၀ ရာခိုင်နှုန်းခန့် ရေးဆွဲထားပြီး ဖြစ်သော်လည်း စာချုပ်မူကြမ်းတွင် ပါရှိသည့် ဥပဒေ အသုံးအနှုန်းများကို အောက်ခြေတပ်သားများ နား လည်စေရန် ရိုးရှင်းသည့် စည်းကမ်းချက်များအဖြစ် ပြန်ရေးခြင်းဖြစ်ပြီး ယင်းအတွက် လုပ်ငန်း ကော်မတီ များကို အပစ်ရပ်လက်မှတ် မထိုးမီ အမြန်ဆုံး ဖွဲ့စည်းမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး ဗဟိုဌာန (MPC) မှ ဒေါက်တာ မင်းဇော်ဦးက ဆိုသည်။

ရေးဆွဲထားသော စည်းမျဉ်း စည်းကမ်းများကို နှစ်ဖက်တပ် လိုက်နာခြင်း ရှိ မရှိ စောင့်ကြည့်မည့် ပူးတွဲ စောင့်ကြည့်ရေး ကော်မတီကို ပြည်ထောင်စုအဆင့်၊ ပြည်နယ်အဆင့်နှင့် ဒေသန္တရအဆင့်ဟူ၍ သုံးဆင့် သတ်မှတ်ဖွဲ့စည်းမည်ဖြစ် ကာ ကော်မတီတွင် အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့နှင့် အရပ်ဘက် အဖွဲ့အစည်းမှ ပုဂ္ဂိုလ်များ ပါဝင်မည် ဖြစ်ကြောင်း NCCT အဖွဲ့ဝင် ဒေါက်တာ ဆလိုင်းလျံမုန်းဆာခေါင်းက ပြောကြားသည်။

အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးပြီးနောက် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ အကြား တိုက်ပွဲများ ထပ်မံဖြစ်ပွားပါက ယင်းပူးတွဲ စောင့်ကြည့်ရေး ကော်မတီက ထိန်းချုပ် ဖြေရှင်းမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ရန်ကုန်မြို့တော်ရှိ MPC တွင် သြဂုတ်လ ၁၅ ရက် နေ့မှ ၁၇ ရက်နေ့ အထိ ကျင်းပခဲ့ကာ အပစ်ရပ်မူကြမ်းပါ အချက် ၁၂၂ ချက်တွင် လေးချက်သာ ဆွေးနွေးရန် ကျန်ရှိတော့ ကြောင်း နှစ်ဖက်အဖွဲ့အစည်းများထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment

My Blog List