Thursday, August 21, 2014

ကချင်ဒေသခံများအား စစ်သားစုဆောင်းသည့်ကိစ္စနှင့် ကေအိုင်အို၏ မူဝါဒတို့ကို ဗိုလ်ချုပ်ဂွမ်မော် ရှင်းလင်း


ကချင်ဒေသခံများအား စစ်သားစုဆောင်းသည့်ကိစ္စနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ၏ မူဝါဒတို့ကို ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ဩဂုတ် ၁၈ ရက်နှင့် ၁၉ ရက်များတွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ရှင်းလင်းပြောကြားသည်။

ကေအိုင်အို ဗဟိုအနေဖြင့် အတင်းအဓမ္မ တပ်သားသစ်စုဆောင်ခြင်း မပြုလုပ်ရန် အပါအဝင် တပ်ပိုင်းဆိုင် ရာများနှင့် ပတ်သက်သည့် စည်းကမ်းများရှိသည်ဟု ဗိုလ်ချုပ်ဂွမ်မော်က ဆိုသည်။

“တပ်မတော်တစ်ရပ်မှာ အမြဲတမ်းစည်းကမ်းတွေရှိပါတယ်။ ပြီးတော့လည်း အမြဲတမ်းစည်းကမ်း မလိုက်နာ တာလည်း ရှိပါတယ်။ ဥပမာ အသက်မပြည့်တဲ့ ကလေးတွေကို စုဆောင်းရေး မလုပ်ရဘူးဆို တာတွေလည်း ရှိပါတယ်။ ဒါတော့ အဖွဲ့တိုင်း တပ်တိုင်းမှာ အနည်းနဲ့အများတော့ ရှိပါတယ်။ ဒီလိုဖြစ်ရင်လည်း အရေး ယူလေ့ရှိပါတယ်” ဟု ၎င်းကဆိုသည်။

ကချင်ပြည်နယ်တွင် ကချင်နှင့် ရှမ်းတိုင်းရင်းသားများ အပါအဝင် ဒေသခံများအား ကေအိုင်အေတပ်အချို့မှ ဖမ်းဆီးကာ တပ်သားစုဆောင်းမှုများ ရှိနေသည်ဆိုသည့် သတင်းများနှင့်ပတ်သက်ပြီး ဗိုလ်ချုပ်ဂွမ်မော် အားမေးမြန်းရာ ဗိုလ်ချုပ်ဂွမ်မော်က “ကေအိုင်အိုမှာက စစ်တပ်ကြီးပဲ မဟုတ်ပါဘူး။ အုပ်ချုပ်ရေးအဖွဲ့တွေ ရှိပါတယ်။ တချို့ဖမ်းဆီးမှုတွေက တပ်သားစုဆောင်းရေး မဟုတ်ဘဲနဲ့ ပြစ်မှုကျူးလွန်တာတို့ အမှုကိစ္စတွေနဲ့ ဖမ်းဆီးထားတာ ရှိပါတယ်။ ဒီလိုဟာမျိုးကျရင် တရားစီရင်ပြီးမှ ဥပဒေနဲ့အညီ ဆောင်ရွက်လျက်ရှိပါတယ်” ဟု ရှင်းလင်းပြောကြားသည်။

တပ်ပိုင်းဆိုင်ရာများနှင့် ပတ်သက်ပြီး ဗိုလ်ချုပ်ဂွမ်မော်က ဆက်လက်ရှင်းပြရာတွင် ကေအိုင်အိုအဖွဲ့ အနေဖြင့် ကချင်လူမျိုးတိုင်းသည် မိမိ၏ ကာကွယ်ရေး တပ်မတော်ဖြစ်သော ကေအိုင်အေတွင် ပါဝင်ရမည်ဆိုသည့် မူဖြစ်ကြောင်း၊ ထိုနည်းတူ ကချင်ပြည်နယ် ဌာနေသားများဖြစ်သော အထူးသဖြင့် ရှမ်းလူမျိုးများလည်း ပါဝင်ရမည်ဆိုသည့်မူကို ချမှတ်ထားသည်ဟု ပြောကြားသည်။

“မိမိသဘောဆန္ဒအလျောက်၊ နောက်တစ်ခုက တာဝန်ပိုင်းအရ ဥပမာ ကချင်ဆိုရင် ကချင်လူငယ်တိုင်းက ပါဝင်ရမယ် ဆိုတဲ့မူဝါဒ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားသည်။

အစိုးရနှင့် ကေအိုင်အိုတို့၏ ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ ကိုယ်စားလှယ်များသည် ဩဂုတ် ၁၂ ရက်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ကေအိုင်အို၏ ဆက်ဆံရေးရုံးတွင် တွေ့ဆုံခဲ့ရာ တပ်မတော်နှင့် ကေအိုင်အေ တပ်တို့အကြား တိုက်ပွဲများ မဖြစ်ပွားရေးကိစ္စ အပါအဝင် ကေအိုင်အေအောက်ခြေ တပ်အချို့၏ တပ်သားသစ်စုဆောင်းမှု ပြုလုပ်ခဲ့သည့် ကိစ္စများကိုလည်း ညှိနှိုင်းဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List