မြန်မာနိုင်ငံတွင် လက်တလော လှုပ်ခတ်နေသော ငလျင် အသေးစားများကို နိုင်ငံတကာရှိ ငလျင်တိုင်း တာရေး စခန်းများမှ ဖမ်းယူနိုင်ခြင်း မရှိတော့ဟု မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။
“ငလျင်ကြော အသေးတွေကြောင့် မတိုင်းနိုင်တာဖြစ်ပေမယ့် အရင်ကဆိုရင် ပြင်းအားနှစ်အဆင့်ရှိတဲ့ ငလျင်က စပြီး ဖမ်းယူနိုင်ခဲ့တယ်။ သြဂုတ်လ ၄ ရက်နေ့ ရန်ကုန်မှာ လှုပ်ခဲ့တဲ့ ပြင်းအား ၄ အဆင့်ရှိတဲ့ ငလျင်ကိုလည်း ဖမ်းယူနိုင်ခြင်း မရှိခဲ့ဘူး” ဟု ၎င်းက ပြောသည်။
ထိုကဲ့သို့ နိုင်ငံတကာစခန်းမှ ဖမ်းယူနိုင်ခြင်းမရှိတော့သဖြင့် မည်သည့်အန္တရာယ်မှ မရှိကြောင်းလည်း ပညာရှင်များကပြောသည်။
“မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာနဲ့ ချိတ်ဆက်တဲ့ မြေငလျင်ကွန်ယက်တွေထဲမှာ စစ်တွေ ငလျင်စခန်းတစ်ခု ပဲရှိတယ်။ စစ်တွေက လှုပ်သမျှကြီးကြီး သေးသေး နိုင်ငံတကာက ဖမ်းလို့ရတယ်။ ပြည်တွင်းမှာလှုပ်တဲ့ တခြား အင်အားနည်း ငလျင်တွေသာ မမိတာ။ အင်အား ၅ထက်ကျော်တဲ့ ငလျင်တွေ ဆိုရင်တော့ နိုင်ငံတကာမှာ မိပါတယ်” ဟု နေပြည်တော် မြေငလျင်စခန်းမှ တာဝန်ရှိသူ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထိုအခြေအနေနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ငလျင်ကော်မတီ အတွင်းရေးမှူး ဦးစိုးသူရထွန်းက “အခု တလော လှုပ်ခဲ့တဲ့ ငလျင်တွေအများစုက ပြင်းအား သုံးတို့ လေးတို့ လောက်ပဲရှိတဲ့ အပြင် အနက်က ၁ဝ ကီလိုမီတာ ရှိတဲ့အတွက် အဝေးကနေ တိုင်းတာလို့မရတာ။ နိုင်ငံတကာက လှမ်းပြီးမတိုင်းနိုင်လို့တော့ ဘာအန္တရာယ်မှ မရှိပါဘူး” ဟုပြောသည်။
ငလျင်တိုင်းတာရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံတွင် ငလျင်စခန်းကွန်ယက်များ မရှိသလောက် ရှားနေသောကြောင့် အနာဂတ်တွင် ကွန်ယက်များကို နိုင်ငံတကာနှင့် ပူးပေါင်းကာ တိုးချဲ့သွားရန် ရှိကြောင်း ၎င်းကဆိုသည်။
Mizzima - News in Burmese
No comments:
Post a Comment