Monday, August 18, 2014

ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရန် လက်ခံလိုက်သည့် သုံးနှစ်တာအတွင်း ငြိမ်းချမ်းရေးလုပ်ငန်း ဆောင်ရွက်ချက်များ


၂၀၁၁ ခုနှစ်၊ မတ် ၃၀ တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့သည့် သမ္မတဦးသိန်းစိန် အစိုးရသစ် တက်လာပြီးနောက် ပိုင်းတွင် ငြိမ်းချမ်းရေးလုပ်ငန်းများကို လုပ်ကိုင်ခဲ့ရာ ၂၀၁၁ ခုနှစ်၊ သြဂုတ် ၁၈ ရက်၌ ပြည်ထောင်စုအစိုးရ အဖွဲ့က လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ခြင်းက စတင်ခဲ့သည်။

၂၀၁၂၊ မေ ၃ ရက်တွင် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီ နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ကို နိုင်ငံတော် သမ္မတ၏ အမိန့်ဖြင့် ဖွဲ့စည်းခဲ့သည်။ ယင်းနောက် ၂၀၁၃ ခုနှစ် ဇူလိုင် ၅ ရက်တွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဥက္ကဋ္ဌအဖြစ် ပါဝင်ဆောင်ရွက်ကာ ပြည်ထောင်စုငြိမ်း ချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီတွင် ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်း က ဥက္ကဋ္ဌဖြစ်ပြီး ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်ကြီးစိုးဝင်း၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်တို့သည် ဒုတိယဥက္ကဋ္ဌ များအဖြစ် ဆောင်ရွက်ခဲ့သည်။

ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် “တိုင်းပြည်မှ ခွဲထွက်ခြင်း”နှင့် “အချုပ်အခြာ အာဏာထိပါးခြင်း”မှ လွဲပြီး အခြားကဏ္ဍများကို လွတ်လပ်စွာ ဆွေးနွေးနိုင် သည်ဟု သမ္မတက ပြောဆိုထားသည်။

ငြိမ်းချမ်းရေးဆောင်ရွက်သည့် ကာလအတွင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မ တီသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အလွတ်သဘောအကြိမ် ၂၅၀ ခန့် တွေ့ဆုံဆွေးနွေးခဲ့ပြီး တရားဝင်ငြိမ်း ချမ်းရေး ဆွေးနွေးပွဲအကြိမ်ပေါင်း ၅၀ ကျော် ပြုလုပ်နိုင်ခဲ့သည်။ နိုင်ငံရေးပါတီ များ၊ နိုင်ငံရေးအဖွဲ့အစည်းများနှင့် တိုင်းရင်းသားအဖွဲ့အစည်းများ အနည်းဆုံး အကြိမ် ၁၅၀ ကျော် တွေ့ဆုံဆွေးနွေးခဲ့သည်။

ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်တွင် အထောက်အကူပြုအဖွဲ့အစည်းအဖြစ် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန (Myanmar Peace Center)ကို ၂၀၁၂ အောက်တိုဘာလ ၂၆ ရက်တွင်ဖွဲ့စည်းတည်ထောင် ခဲ့သည်။

အစိုးရအနေဖြင့် ငြိမ်းချမ်းရေးဖိတ်ခေါ်မှုများ ပြုလုပ်ရာတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အပစ်ရပ်ရေးကို အဓိကထားဆွေးနွေးပြီး နောက်ပိုင်းတွင် နိုင်ငံရေးဆွေးနွေးမှုများကို ပြုလုပ်သွားမည် ဖြစ်သည်။

ငြိမ်းချမ်းရေးဆောင်ရွက်ရာတွင် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် လက်မှတ်ရေးထိုးပြီးနောက် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးမှ နိုင်ငံရေးဆွေးနွေးပွဲဆီသို့ သွားမည်ဖြစ်သည်။

ငြိမ်းချမ်းရေးဖိတ်ခေါ်ပြီးနောက်ပိုင်းတွင်ပင် အစိုးရက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၆ ဖွဲ့နှင့် ဆွေးနွေးခဲ့ပြီး လက်ရှိအချိန်ထိ ၁၄ ဖွဲ့နှင့် ပြည်ထောင်စုအဆင့် အပစ်ရပ်လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သည်။

အပစ်ရပ်လက်မှတ်ထိုးထားသည့် အဖွဲ့အစည်းများ

၁။ ကရင်အမျိုးသားအစည်းအရုံး (KNU)
၂။ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA)
၃။ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)
၎။KNU/KNLA ငြိမ်းချမ်းရေးကောင်စီ
၅။ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)
၆။ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP)
၇။ ချင်းအမျိုးသားတပ်ဦး (CNF)
၈။ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN-K)
၉။ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO)
၁၀။ မွန်ပြည်သစ်ပါတီ (NMSP)
၁၁။ “၀” သွေးစည်းညီညွတ်ရေးပါတီ (UWSA)
၁၂။ အမျိုးသားဒီမိုကရေစီ သွေးစည်း ညီညွတ်ရေးတပ်မတော် (NDAA)
၁၃။ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)
၁၄။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့နှင့်လည်း ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်နေသည်။

အပစ်ရပ်ရေးအတွက် တိုင်းရင်းသားတို့၏ ဆွေးနွေးမှုများအပစ်ရပ်ရေးအတွက် တိုင်းရင်းသားတို့ဘက်က ညှိနှိုင်းဆွေးနွေးမှုများလုပ်နိုင်ရန် ကေအိုင်အိုဌာနချုပ်ရှိရာ လိုင်ဇာတွင် ၂၀၁၃ ခုနှစ် အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၂ ရက်အထိ တိုင်းရင်းသားခေါင်းဆောင်များ၏ ပထမအကြိမ်ညီလာခံကို ကျင်းပခဲ့သည်။

အဆိုပါညီလာခံ၌ နိုဝင်ဘာလ ၂ ရက် တွင် အပစ်ရပ်စာချုပ်ကိစ္စကို အစိုးရနှင့် ညှိနှိုင်းဆွေးနွေးရန် တိုင်းရင်းသားများဘက်က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ (NCCT) ကို ဖွဲ့စည်းခဲ့သည်။ အဆိုပါအဖွဲ့တွင် ပထမခေါင်းဆောင်အဖြစ် နိုင်ဟံသာက ဆောင်ရွက်ပြီး၊ ပဒိုစောကွယ် ထူးဝင်း၊ ဗိုလ်ချုပ်ဂွန်မော်တို့က ဒုတိယခေါင်းဆောင်များအဖြစ် ပါဝင်သည်။

တိုင်းရင်းသားအဖွဲ့များ၏ ဒုတိယအကြိမ်ညီလာခံဖြစ်သည့် လော်ခီးလာညီလာခံကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၂၀ ရက်ကနေ ၂၅ ရက်အထိ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ လော်ခီးလာစခန်း၌ ပြုလုပ်ခဲ့ပြီး ယင်းနောက်အစိုးရဘက်နှင့် တိုင်းရင်းသားများဘက်ကအပစ်အခတ်ရပ်စဲရေးစာချုပ် မူကြမ်းများ ကို တစ်ဖက်စီရေးသားခဲ့သည်။

ယင်းနောက် အပစ်ရပ်မူကြမ်းတစ်ခုတည်းအတွက် အစိုးရနှင့် တိုင်းရင်းသားတို့ ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ယင်းမူကြမ်းတွင် မတူညီသည့်အချက်များကို တိုင်းရင်းသားများကြား ဆွေးနွေးရန် ၂၀၁၄ ခုနှစ်၊ ဇူလိုင် ၂၁ ရက်မှ သြဂုတ် ၁ ရက်အထိ လိုင်ဇာတွင် ညီလာခံကျင်းပခဲ့သည်။

တွေ့ဆုံဆွေးနွေးမှုများ

၂၀၁၄ ခုနှစ်၊ မတ်လ ၉ ရက်နှင့် ၁၀ ရက်တွင် အစိုးရနှင့် NCCT တို့ ရန်ကုန်မြို့ မြန်မာ့ငြိမ်းချမ်းရေးဂေဟာ တွင် တွေ့ဆုံပြီးနောက် အပစ်ရပ်ရေးအတွက် တစ်ခုတည်းသော မူကြမ်းကို ရေးဆွဲနိုင်ရန် နှစ်ဖက်အဖွဲ့ အစည်းမှ ကိုယ်စားလှယ်ကိုးဦးစီပါဝင်သော တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပူးတွဲ ရေးသားပြုစုရေး လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းသည်။

ဧပြီ ၅ ရက်မှ ၈ ရက်တွင် အပစ်ရပ်မူကြမ်းတစ်ခုတည်းအတွက် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ တွေ့ဆုံကြပြီး ပထမအကြိမ် အပစ်ရပ်မူကြမ်းတစ်ခုတည်းကို ရေးဆွဲနိုင်ခဲ့သည်။

ယင်းနောက် ဒုတိယအကြိမ် အပစ်ရပ်မူကြမ်းတစ်ခုတည်းအတွက် မေ ၂၁ ရက်မှ ၂၃ ရက်အထိ ဒုတိယ အကြိမ် ဆွေးနွေးခဲ့ရာ ဒုတိယမူကြမ်းကို ရရှိခဲ့သည်။ တတိယအကြိမ် ဆွေးနွေးမှုကို သြဂုတ် ၁၅ ရက်က စတင်ခဲ့ပြီး ၁၇ ရက်အထိ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ဆွေးနွေးမှုနှင့်ပတ်သက်သည့် ပြောစကားများ

(အပစ်ရပ်မူကြမ်းအတွက် ရန်ကုန်မြို့ MPC တွင် ဧပြီလအတွင်း တွေ့ဆုံအပြီး နှစ်ဖက်ပြောဆိုမှု)

ဒေါက်တာဆလိုင်းလျန်မှုန်း(MPC အဖွဲ့ဝင်)

“အဓိကညှိနှိုင်းရခက်တာက အခြေခံမူမှာ ညှိနှိုင်းရခက်တာရှိတယ်။ သူတို့အနေနဲ့က ကျွန်တော်တို့သုံးတဲ့ စကားလုံးအချို့ကို ပြန်စဉ်းစားဖို့ တင်ပြတာရှိတယ်။ ဥပမာအားဖြင့် တော်လှန်ရေးဆိုတဲ့ စကားလုံး၊ ဖက်ဒရယ် ဆိုတဲ့ စကားလုံး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတဲ့ စကားလုံးတွေ”

ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး

“တစ်ဦးကို တစ်ဦး ပွင့်ပွင့်လင်းလင်းနဲ့ ပိုဆွေးနွေးလာနိုင်တယ်။ ကျွန်တော်တို့ မျှော်မှန်းထားတဲ့အတိုင်းပဲ ငြိမ်းချမ်းရေးကို မလွဲမသွေရမှာပါ”

Mizzima - News in Burmese

No comments:

Post a Comment

My Blog List