(၆၈) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို မေလ ၅ ရက်နေ့ နံနက် ၇ နာရီခန့်က ရန်ကုန်တိုင်းဒေသကြီး အုတ်ပုံဆိပ်လမ်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ (ဌာနချုပ်) စစ်ရေးပြကွင်းတွင် ကျင်းပရာ မီးသတ်တပ်ဖွဲ့ဝင် ၄၀၀ ကျော်က ပါဝင်သရုပ်ပြခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်ထံမှ သိရသည်။
အဆိုပါ သရုပ်ပြပွဲတွင် အိမ်တွင်း မီးဘေးလုံခြုံရေးနှင့် မီးလောင်မှု၊ လျှပ်စစ်မီးလောင်မှုများ၊ ကျေးလက်ဒေသ မီးလောင်မှုများနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ကားမီးလောင်မှု၊ စက်သုံးဆီဆိုင်များ မီးလောင်မှုနှင့် မီးငြှိမ်းသတ်ရေး၊ တောင်ပေါ် အသက်ကယ် ရှာဖွေ ကယ်ဆယ်ရေး၊ လေယာဉ် မတော်တဆ မှုတွင် ရှာဖွေ ကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေး စသည့် သရုပ်ပြမှုများကို ပြသခဲ့သည်။
မီးဘေးလုံခြုံရေး လုပ်ငန်းများကို ပြည်သူတစ်ရပ်လုံးက အမျိုးသားရေး အသိစိတ်ဓာတ်ဖြင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် အတူ ပူးပေါင်း ဆောင်ရွက်လာရေးကို စည်းရုံးဆောင်ရွက်ရန်နှင့် ပြည်သူ၏ စွမ်းဆောင်ရည်ကို ရယူရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများကို မီးသတ်ဦးစီးဌာန ဝန်ထမ်းများ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ သီးသန့် မီးသတ်တပ်ဖွဲ့ဝင်များက စွန့်လွှတ် စွန့်စားသော စိတ်ဓာတ်ဖြင့် ပါဝင်ဆောင်ရွက် ကြရန် လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ပြောကြားသည်။
“ဒီနှစ်က မီးသတ်စွမ်းရည်ထက် အများပြည်သူကို အသိပညာပေးတဲ့ ပြကွက်တွေ၊ မီးလောင်လောင်ချင်း မီးသတ်ဆေးဘူးနဲ့ အမြန်ဆုံး ငြှိမ်းသတ်နိုင်တယ် ဆိုတဲ့ အသိပေးမှုတွေကို အများဆုံး သရုပ်ပြခဲ့တာ။ နောင်ဖြစ်လာနိုင်တဲ့ လေယာဉ် မီးလောင်မှုတွေကို အမြန်ဆုံး ငြှိမ်းသတ်နိုင်တယ် ဆိုတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေရဲ့ စွမ်းရည်ကိုလည်း ပြခွင့်ရခဲ့တယ်” ဟု ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ မီးသတ်အရာရှိ တစ်ဦးက ပြောကြားသည်။
မီးသတ်တပ်ဖွဲ့ဝင်များ အနေနှင့် ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်နှင့် နိုင်ငံတော်၏ ကုန်ထုတ် စွမ်းအားများကို မီးဘေးအန္တရာယ်များမှ လွတ်မြောက်ရန် တပ်ဖွဲ့ဝင်များ၏ သတိသစ္စာ၊ သတ္တိဆောင်ပုဒ်နှင့် အညီ ဆောင်ရွက်သွားရန်၊ ပြည်သူ အားကိုး ယုံကြည်မှု ရှိအောင် မီးသတ် တပ်ဖွဲ့ဝင်တိုင်း စွမ်းဆောင်ရည် မြှင့်တင်ရန်၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအတွက် သက်ဆိုင်ရာဌာန အသီးသီးတို့ ပူးပေါင်းကာ အလေးထား ဆောင်ရွက်ရန်၊ သဘာဝဘေး ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေး အလျင်အမြန် တုံ့ပြန် ဆောင်ရွက်နိုင်ဖို့အတွက် စွမ်းဆောင်ရည် ပြည့်ဝစေရန် စုပေါင်း လေ့ကျင့်ထားကြပြီး အသင့်ရှိကြရန် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ပြောဆိုသည်။
The Voice Weekly
No comments:
Post a Comment