Thursday, May 08, 2014

မတ္တရာတွင် ရဲအင်အား ၁၀၀ ဝန်းကျင် ချထားသည့် တပ်သိမ်းမြေ၌ မူလပိုင်ရှင်များ ပျိုးဝင်ကြဲ


မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ရေနံ့သာ ကျေးရွာအုပ်စု သပြေသာ ကျေးရွာကွင်းတွင် တပ်မတော် က သိမ်းယူခဲ့သည့် လယ်ယာမြေများပေါ်တွင် မူလပိုင်ရှင်များက မေလ ၇ ရက်နေ့တွင် ပျိုးဝင်ကြဲခဲ့ကြောင်း မတ္တရာမြို့နယ် သပြေသာကျေးရွာ ဒေသခံများက ပြောကြားသည်။

ယင်းသိမ်းယူထားသော မြေများပေါ်တွင် ပုဂ္ဂလိက ငါးမွေးမြူရေး လုပ်ကိုင်နေခြင်းကြောင့် မူလပိုင်ရှင် များသည် ရေများ ဖောက်ထုတ်ခဲ့ရာ မေလ ၆ ရက်နေ့မှ စတင်ပြီး တိုင်းဒေသကြီးနှင့် မြို့နယ်တို့မှ လုံခြုံရေး ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး ဝန်းကျင်ခန့်အထိ ချထားသည့်ကြားမှ မူလပိုင်ရှင်များက ပျိုးဝင်ကြဲခဲ့ခြင်း ဖြစ်ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

“မနေ့က နံနက်ပိုင်းက စပြီး ရဲတပ်ဖွဲ့ အင်အား ၁၀၀ ခန့် ရောက်ရှိနေပြီး လုံခြုံရေး ရယူထားတာ တွေ့ရပါ တယ်။ ကျွန်မတို့က ကိုယ့်လယ်ကို ပြန်ဖော်ထုတ်တာပါ” ဟု လုံခြုံရေးများ လာရောက် နေရာယူထားမှုနှင့် ပတ်သက်၍ သပြေသာကျေးရွာ ဒေသခံ ဒေါ်စန္ဒာဦးက ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ လုံခြုံရေး တာဝန်ယူထားသော တပ်ဖွဲ့ဝင်များကို သွားရောက်မေးမြန်းရာ တာဝန်ကျ ရဲအရာရှိတစ်ဦးက ဖြေကြားနိုင်ခြင်း မရှိကြောင်း ပြန်လည် ပြောဆိုသည်။

မတ္တရာမြို့နယ် သပြေသာကျေးရွာ ကွင်းအမှတ် ၁၄၁ မှ ၁၄၉ လယ်ယာမြေများကို ၁၉၉၁ ခုနှစ်တွင် ခမရ ၁၁၆ နှင့် ခမရ ၁၁၇ တပ်ရင်းတို့က သိမ်းယူခဲ့ပြီး ပုဂ္ဂလိက ငါးမွေးမြူရေး လုပ်ငန်းရှင် တစ်ဦးက စီးပွားဖြစ် ငါးမွေးလျက် ရှိခြင်းကြောင့် မူလပိုင်ရှင်များက ၂၀၁၄ ခုနှစ် မေလ ၁ ရက်နေ့တွင် ငါးကန်ရေများကို သွားရောက် ဖောက်ထုတ်ခဲ့ကြောင်း၊ ယင်းအပြင် အဆိုပါနေရာတွင် မေလ ၇ ရက်နေ့က ပျိုးဝင်ကြဲခဲ့သဖြင့် အဆိုပါ သိမ်းဆည်းခံ တောင်သူများကို ရဲတပ်ဖွဲ့ဝင်များက သေနတ်များနှင့် ချိန်၍ တားမြစ်ခဲ့ကြောင်း တားမြစ်ခံရသူ ဒေါ်ဆန်းဝင်းက ပြောကြာသည်။

ယင်းငါးကန်မှ ရေများကို ဖောက်ထုတ်ပြီး မေလ ၇ ရက်နေ့မှ စတင်၍ မျိုးစပါးတင်း ၆၀ ခန့် စတင်ကြဲ ခဲ့ကြောင်း၊ ထွက်ရှိသော စပါးများကို ဘုန်းကြီးကျောင်းများသို့ လှူဒါန်းသွားမည် ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ငါးမွေးမြူရေးကန်မှ ရေများ ဖောက်ထုတ်သူများအနက် သပြေသာ ကျေးရွာဒေသခံ ဒေါ်ဒေါင်း၊ ဒေါ်ကြည်ဆန်း၊ ဒေါ်စနာဦး၊ ဦးမော်တင်၊ ဦးသန်းထွန်း၊ ဦးအောင်စိုးတို့ကို ပုဒ်မ ၁၁၄/၅၀၆/ ၄၄၇/ ၄၂၇ တို့အရ မတ္တရာမြို့နယ် ရေနံ့သာ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ယင်းအမှုဖွင့် ခံထားရသူများက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List