တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသော တိုင်းရင်းသား ဒေသများတွင် နယ်မြေလုံခြုံမှု မရှိသောကြောင့် နိုင်ငံရေးအကျဉ်းသားဟောင်းများ စာရင်း ကောက်ယူနိုင်ခြင်း မရှိသေးကြောင်း နိုင်ငံရေး အကျဉ် သားဟောင်းများ အဖွဲ့ဝင် ဦးထွန်းကြည်က ပြောကြားသည်။
အကျဉ်းထောင်များအတွင်း ခံစားခဲ့ရသည့် စိတ်ဒဏ်ရာများ ပြန်လည် ကုစားပေးနိုင်ရန်အတွက် တစ်နိုင်ငံ လုံးရှိ နိုင်ငံရေး အကျဉ်းသားဟောင်းများ စာရင်းကို ကောက်ယူနေခြင်း ဖြစ်ပြီး ယင်းသို့ ခက်ခဲမှုများ ရှိနေကြောင်း ၎င်းကဆိုသည်။
“ကျွန်တော်တို့က တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပြီး ကြိုးစားနေပါတယ်။ ဒါပေမဲ့ လုံခြုံရေး အာမခံနိုင်တဲ့ နေရာတွေမှာ မကောက်နိုင်သေးဘူး” ဟု ၎င်းကဆိုသည်။
မြန်မာနိုင်ငံအတွင်း ၁၉၆၂ ခုနှစ်မှ စတင်ကာ အကျဉ်းကျခံခဲ့ရသော နိုင်ငံရေးလှုပ်ရှားသူ တစ်သောင်းကျော် ရှိမည်ဟု ခန့်မှန်းထားသော်လည်း သုံးထောင်ကျော်ကိုသာ စာရင်း ကောက်ယူနိုင်သေးကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ထံမှ သိရသည်။
တစ်နိုင်ငံလုံးရှိ နိုင်ငံရေး အကျဉ်းသားဟောင်းများ စာရင်း ကောက်ယူရာတွင် နိုင်ငံရေး အကျဉ်း သားဟောင်းများအဖွဲ့ (FPPS)၊ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (အထက်မြန်မာပြည်) တို့ ပူးပေါင်း ဆောင်ရွက်နေကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ထံမှ သိရသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ် လက်ထက်တွင် တိုင်းရင်းသား လက်နက်ကိုင် များနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးခဲ့သော်လည်း ကချင်လွတ်မြောက်ရေး တပ်မတော် (KIA/KIO) နှင့် တအောင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLA/TNLA) တို့နှင့်မှု လက်မှတ် ရေးထိုးနိုင်ခြင်း မရှိပေ။
ထို့အပြင် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး မူကြမ်း ရေးဆွဲရေးအတွက် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှင့် တိုင်းရင်းသား လက်နက်ကိုင်များ တွေ့ဆုံ ဆွေနွေးနေသော်လည်း ကချင်ပြည်နယ် မြောက်ပိုင်းတွင် ထိတွေ့မှု (တိုက်ပွဲ) များ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း နှစ်ဖက် အဖွဲ့အစည်းများထံမှ သိရသည်။
The Voice Weekly
No comments:
Post a Comment