Wednesday, May 07, 2014

အာဆီယံ လေကြောင်းပို့ဆောင်ရေး လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံ တာဝန်ယူမည်


အာဆီယံ လေကြောင်း ပို့ဆောင်ရေးလုပ်ငန်းအဖွဲ့ (ATWG) ဥက္ကဋ္ဌ တာဝန်ကို မြန်မာနိုင်ငံက၂၀၁၄ နှင့် ၂၀၁၅ ခုနှစ်များတွင် တာဝန်ယူမည် ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြောကြားသည်။

အာဆီယံ၏ တစ်ခုတည်းသော လေကြောင်း ပို့ဆောင်ရေးဈေးကွက် (ASEAN Single Aviation Market) ၂၀၁၅ ခုနှစ်တွင် ပေါ်ပေါက်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်းနှင့် စီးပွားရေးနှင့် နည်းပညာလုပ်ငန်း အစီအမံ ၂၀၁၄-၂၀၁၅ ကို ချမှတ်နိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း ၎င်းက ရှင်းလင်းပြောကြားသည်။

ဥရောပသမဂ္ဂတွင် ယင်းကဲ့သို့ အတွေ့အကြုံရှိသည့် အဖွဲ့အစည်းက အာဆီယံ တစ်ခုတည်းသော လေကြောင်း ဈေးကွက် ပေါ်ပေါက်လာရေးအတွက် ဆောင်ရွက်ရာတွင် ယူရို ငါးသန်းခန့် တန်သည့် AATIP (ASEAN Air Transport Integration Project) ကို ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း လုပ်ဆောင်လျက် ရှိကြောင်း ၎င်းက ပြောကြားသည်။

“အာဆီယံကို ဥရောပသမဂ္ဂလို လုပ်မှာဖြစ်တယ်။ လေကြောင်း ဈေးကွက်ဆိုတာ ဆယ်နိုင်ငံ တစ်စု တစ်စည်းတည်း ဖြစ်ပြီဆိုတာနဲ့ အာဆီယံအနေနဲ့ တခြားနိုင်ငံတွေနဲ့ လေကြောင်း ပို့ဆောင်ရေး ပူးပေါင်းနိုင်အောင် အဖွဲ့အစည်း တည်ထောင်တာပဲ” ဟု ၎င်းကဆိုသည်။

ဥရောပသမဂ္ဂ၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ သြစတြေးလျ၊ နယူးဇီလန် စသည့် နိုင်ငံများနှင့် ယခင်က အာဆီယံအဖွဲ့ဝင် နိုင်ငံများထဲက နိုင်ငံတစ်နိုင်ငံချင်းနှင့် လေယာဉ် ပြေးဆွဲခဲ့ခြင်းမှ အာဆီယံ အသိုက်အဝန်း တစ်ခုလုံးနှင့် ချိတ်ဆက်၍ ပျံသန်းပြေးဆွဲနိုင်ရန် အာဆီယံ တစ်ခုတည်းသော လေကြောင်း ဈေးကွက် (ASEAN Single Aviation Market) ဖြစ်အောင် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းလင်းပြောကြားသည်။

အာဆီယံ လေကြောင်း ပို့ဆောင်ရေး လုပ်ငန်းအဖွဲ့ အစည်းအဝေးများကို အဖွဲ့ဝင်နိုင်ငံများက တစ်နှစ်လျှင် နှစ်ကြိမ်နှုန်းဖြင့် အစည်းအဝေး လေးကြိမ် ကျင်းပပေးရသည့်အတွက် ဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်သည့် မြန်မာနိုင်ငံက ၂၀၁၄ ခုနှစ် မေလတွင် ပထမဆုံးအကြိမ်၊ စက်တင်ဘာလတွင် ဒုတိယအကြိမ်နှင့် ၂၀၁၅ ခုနှစ်တွင် မေလနှင့် စက်တင်ဘာလတွင် ထပ်မံ၍ အစည်းအဝေး ပြုလုပ်ရမည် ဖြစ်သည့်အတွက် ဥက္ကဋ္ဌအဖြစ် တာဝန်ယူသည့် မြန်မာနိုင်ငံ၏ ပထမအကြိမ် အစည်းအဝေးအဖြစ် ၂၉ ကြိမ်မြောက် အာဆီယံ လေကြောင်း ပို့ဆောင်ရေး လုပ်ငန်းအဖွဲ့ အစည်းအဝေး ဖွင့်ပွဲကို ၂၀၁၄ မေလ ၆ ရက်နေ့တွင် ရန်ကုန်မြို့ Chatrium ဟိုတယ်တွင် ကျင်းပခြင်း ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

အဆိုပါ အစည်းအဝေးများသည် အာဆီယံ လေကြောင်း ပို့ဆောင်ရေး လုပ်ငန်းတွင် အောက်ခြေအဆင့် အစည်းအဝေးများဖြစ်ပြီး အဆိုပါ အစည်းအဝေးများ၏ ရလဒ်များကို အာဆီယံ ပို့ဆောင်ရေး အဆင့်မြင့် အရာရှိများ အစည်းအဝေးနှင့် အာဆီယံပို့ဆောင်ရေးဝန်ကြီးများ အစည်းအဝေးများသို့ တင်ပြကာ အတည်ပြု ချက်များ ရယူ၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ထိုင်းနိုင်ငံက ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့စဉ် ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလက ကျင်းပခဲ့သည့် အာဆီယံ လေကြောင်းပို့ဆောင်ရေးလုပ်ငန်း အဖွဲ့အစည်းအဝေးမှစ၍ အာဆီယံ လေကြောင်း ပို့ဆောင်ရေးလုပ်ငန်း အဖွဲ့ ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံက လွှဲပြောင်း တာဝန်ယူခဲ့ခြင်း ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

My Blog List